Second International Conference on Bio-Economy

ဒုတိယအကြိမ် International Conference for Bio-Economy ညီလာခံ နှင့် ပြခန်း ပြပွဲ ရန်ကုန်တက္ကသိုလ် ၌ ကျင်းပ

မြန်မာနိုင်ငံ ရှိ ဇီဝ စီးပွားရေး အလားအလာများကိုမြှင့်တင် ရန် နှင့် သုတေသနလုပ်ငန်းစဉ်များအတွက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ညီလာခံ နှင့် ပြခန်း ပြပွဲ ကို ရန်ကုန်တက္ကသိုလ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာန၊ Kansai University (Japan) နှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် Research Center ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များအပေါ် များစွာအခြေခံလျက်ရှိသည်။ ထို့ကြောင့် ၂၀၃၀ ရေရှည်ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အစီအစဉ် (2030 agenda for sustainable development goals) ကို ဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံ၏ စီပွားရေးကို ရည်ရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံသည် ဇီဝစီးပွားရေးကို ရင်းနှီးမြုပ်နှံရန် လိုအပ်သည်။ ရေရှည်ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အစီအစဉ်ဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်းဆိုင်ရာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့် ရည်ရှည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးတိုးတက်မှု ရရှိနိုင်ရေးအတွက် မည်သူ့မျှမကျန်ရစ်စေရန် သေချာစေမည့် ကတိကဝတ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်များထဲတွင် နှံစားပင် အမျိုးအစားများဖြစ်သော ဆန်စပါး၊ ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ စက်မှုသီးနှံများဖြစ်သော ကြံ၊ ရာဘာ၊ ဝါဂွမ်း၊ ဆေးရွက်ကြီး၊ ချည်မျှင်ရှည် သီးနှံဖြစ်သော ဂုန်လျှော်၊ ဟင်းသီးဟင်းရွက် အနွယ်ဝင်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်း၊ လက်ဖက်၊ ကော်ဖီ၊ သစ်သီးဝလံများဖြစ်သော ဒူးရင်း၊ ငှက်ပျောသီး၊ သရက်သီး၊ အုန်းသီး၊ စသည်တို့နှင့် ပန်းမံစိုက်ပျိုးပင်များဖြစ်သော စံပယ်ပန်း၊ နှင်းဆီပန်း နှင့် သစ်ခွပန်း အစရှိသည်တို့ပါဝင်ပြီး၊ မြန်မာနိုင်ငံ ၏ ငါးပုဇွန် မွေးမြူရေးဆိုင်ရာထွက်ကုန်များထဲတွင် ငါး၊ပုဇွန် အမျိုးအစားမျိုးစုံ ပါဝင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေးထုတ်ကုန်များနှင့် ဇီဝစွန့်ပစ်ပစ္စည့်းများကို အသုံးပြုသော ထုတ်ကုန်များတိုးတက်စေရန် အလို့ငှာ ပညာရေးကဏ္ဍ၊ စက်မှုနှင့် အစိုးရ ကဏ္ဍတို့မှ အတူတကွပူးပေါင်းဆောင်ရွက်၍ ပိုမိုဆန်းသစ်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစ်စိုက် လုပ်ဆောင်သင့်သည်။ ထို့ပြင် ၎င်းတို့မှထွက်ရှိလာသော ဇီဝစွန့်ပစ်ပစ္စည်းများ(Bio-Wastes) နှင့် Biomaterials များကို ဇီဝဗေဒဆိုင်ရာနည်းလမ်းများဖြင့် ခွဲခြမ်းစိတ်ဖျာ၍ သက်ရှိများကို အကျိုးဖြစ်စေမည့် တန်ဖိုးရှိသော ဇီဝထုတ်ကုန်များသို့ ပြောင်းလဲအသုံးချနိုင်ရန် အတွက် ဇီဝနည်းပညာ(Biotechnology) နှင့် ဇီဝဓါတု(Biochemistry) သည် အဓိကအခန်း ကဏ္ဍမှပါဝင်သည်။ ထို့ကြောင့် Biomaterials ထုတ်လုပ်မှုကဏ္ဍအတွက် လိုအပ်သော အချက်အလက်များကို စုဆောင်းရန်လည်းလိုအပ်ပေသည်။
အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ရန်ကုန်တက္ကသိုလ်၊ Kansai တက္ကသိုလ်၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှုဌာန နှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် International Conference for Bio-Economy ညီလာခံ နှင့် ပြခန်း ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေ၏ Communication Officer ကိုဟိန်းထက်အောင်မှပြောကြားသည်။ ဆက်လက်၍ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် ငါး၊ပုဇွန် ရောနှောမွေးမြူရေး ထွက်ကုန်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် နှင့် စက်မှုစွန်ပြစ်ပစ္စည်းများကို zero waste process အဖြစ်ပြန်လည်အသုံးချနိုင်စေရန်ဖြစ်ကြောင်း၊ ယခု ညီလာခံအား တက်ရောက်လာသော ဘွဲ့ကြို၊ ဘွဲ့လွန် သို့မဟုတ် Post-Doc အဆင့် များရှိ ပညာသင်ကြားနေသူများမှ မိမိတို့ရဲ့ အကောင်းဆုံးကျိုးစားမှုကို တင်ပြခဲ့ကြောင်း၊ ပထမ အကြိမ်ညီလာခံကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် တီထွင်ဆန်းသစ်မှုဌာန၊ ရန်ကုန်တက္ကသိုလ်၊ Kansai တက္ကသိုလ်နှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း တို့ပူးပေါင်း၍ Proceeding of the international Conference on Bio-economy: Production and Application of Biomaterials ဆိုတဲ့စာအုပ်ကိုထုတ်ဝေနိုင်ခဲ့ပြီး၊ စာတမ်းပေါင်းများစွာကိုလည်း ထုတ်ပြန်နိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
ညီလာခံပထမနေ့ တွင်တက်ရောက်လာသော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းမှ အဖွင့်အမှာစကားအနေအဖြစ်“ရှေးဦးစွာ ညီလာခံတွင် အဖွင့်အမှာစကားပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ပထမအကြိမ် ညီလာခံမှ နိုင်ငံ့အကျိုးပြု အနာဂတ် ပညာရှင်လောင်းလျာ များစွာကိုမွေးထုတ်ပေးနိုင်ခဲ့ကြောင်းကြားသိရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၃ ရက်တာကျင်းပပြုလုပ်မည့် ယခုညီလာခံတွင် ဓါတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ ဆိုင်ရာ အကြောင်းအရာများ၊ Biorefinery, Molecular Biology, Production and applications of biomaterial အစရှိသည့် ဇီဝ နည်းပညာပိုင်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ စွမ်းအင်ပိုင်းဆိုင်ရာများ အစရှိသည့် ခေါင်းစဉ်များအောက်တွင် သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ စာတမ်းဖတ် ခြင်းအစီအစဉ်ကို ပြခန်း ပြပွဲနှင့် တကွပြုလုပ်မည်ဖြစ်ကြောင်း၊ ညီလာခံကျင်းပရခြင်း အတွက်ကြောင့် မြန်မာနိုင်ငံ၏ သုတေသနနှင့် တီထွင်ဆန်းစစ်မှု တိုးတက်ကောင်းမွန်လာရေး လုပ်ငန်းစဉ်များတွင် လက်ရှိခေတ်ရေစီးကြောင်း နှင့်အညီ စီးမြောနိုင်ရန် များစွာအထောက်အကူဖြစ်စေကြောင်း၊ ထိုကဲ့သို့စီးမျောစေနိုင်ရန်အတွက် ဤညီလာခံမှတစ်ဆင့် လိုအပ်သော နည်းဗျုဟာများနှင့် ချဉ်းကပ်နည်းများပိုမိုကောင်းမွန်လာစေရန် အခွင့်အလမ်းများ ရရှိစေနိုင်မည်ဟုလည်းယုံကြည်မိကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းမှ ဆက်လက်၍ ညီလာခံ၏ အရေးပါပုံကို “မြန်မာနိုင်ငံသည် အစိုးရသစ်တက်ပြီးနောက်ပိုင်း သုတေသန ပိုင်းဆိုင်ရာလုပ်ငန်းတွေကို ဉီးစားပေးလာသည်ကိုတွေ့ရသော်လည်း နိုင်ငံတကာနှင့် ယှဉ်လျင် နောက်ကျနေသေးသည် ကိုတွေ့ရှိရကြောင်း၊ အကြောင်းအရင်းမှာ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်၊ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များလည်းပါသလို၊ ဒေသတွင်း တတ်သိပညာရှင်များ အလုံအလောက်မမွေးထုတ်ပေးနိုင်ခြင်းကလည်း အဓိကနေရာက ပါဝင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာန၊ Kansai တက္ကသိုလ်နှင့် စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း တို့ပူးပေါင်းပြီး ဇီဝဆိုင်ရာပစ္စည်းများ အသုံးချခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဗဟုသုတများ ဖလှယ်ရန်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာပညာရေး၊ ပုဂ္ဂလိက ကဏ္ဍ၊ စက်မှုလုပ်ငန်းများနှင့် အစိုးရအေဂျင်စီများအကြား ပိုမိုကောင်းမွန်သည့် အသိပညာပိုင်းဆိုင်ရာ ကွန်ယက်ကိုမြှင့်တင်နိုင်ရန်၊ ဇီဝပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၌ ရင်ဆိုင်ရမည့်ပြဿနာများကို သင်ယူနိုင်ရန်၊ လုပ်ငန်းအစီအစဉ်များနှင့် သုတေသနပူးပေါင်းဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်နိုင်ရန် ကျိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်နိုင်ရေး ယခုညီလာခံမှ တစ်ဆင့်ဝိုင်းဝန်းအဖြေရှာရန် လိုအပ်ကြောင်း” ပြေကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းရေးမှုး ဦးတင်ထွဋ်မှ မိန့်ခွန်းအနေဖြင့် ဇီဝစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာကြောင်းအရာများကို လက်ရှိမြန်မာ့ စိုက်ပျိုးရေးကဏ္ဍ၏ ယို့ယွင်းပျက်ဆီးနေသော အကြောင်းအရင်းများ၊ အဆိုပါအကြောင်းအရင်းများကြောင့် ထိခိုက်ခံစားနေရသော တောင်သူလယ်သမားတို့၏ လက်ရှိဘဝများကိုဥပမာပေး၍ ပြောကြားခဲ့သည်။ ထို့နောက် Kansai တက္ကသိုလ်၏ Department of Chemistry and Material Engineering Faculty of Chemistry, Materials and Bioengineering မှ Prof. Dr Hiroshi Tamura မှ Kansai တက္ကသိုလ်၏ အကြောင်းရာကျဉ်းချုပ်ကို တင်ပြခဲ့ပြီး နောက်၊ Polysaccharides ကိုအခြေခံပြီး ထွက်ရှိလာသော လျှပ်ကူး Gel ကို အသုံးပြု့သည့် Electrochemical Double-Layer Capacitors များအကြောင်းကို တင်ပြသွားခဲ့သည်။
ဆက်လက်၍ စိမ်းလန်းမိမြေဖွံဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးဝင်းမျိုးသူမှ “လာမည့်နှစ်ပေါင်း ၃၀ တွင် ဖြစ်လာမည့်မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မြေခြေပြု ကုန်ထုတ်လုပ်မှုကဏ္ဍ၊ Bio-economy၏ အလားအလာ နှင့် အလုပ်လုပ်ပုံ၊ ကြုံတွေ့လာရမည့် နည်းပညာနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများ၊ လက်ရှိမြန်မာနိုင်ငံတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုများအားနည်းနေကြောင်း၊ ထို့နောက် bio materials များအားအသုံးချပုံအနေဖြင့် မော်တော်ကားများတွင် ဇီဝပစ္စည်းအသုံးပြုပုံ၊ ဇီဝပလပ်(စ)တစ် များအကြောင်း၊ သကြားအစားထိုးဇီဝ substance များအကြောင်း၊ ပရိုတိန်းဓါတ်ကို ဖြည့်ဆည်းပေးသော ဇီဝဆေးဝါးများ အကြောင်း စသည် ဇီဝနည်းပညာကို အသုံးပြုပြီးရရှိလာသော ထုတ်ကုန်များအကြောင်းကို ဥပမာအဖြစ်ပြောကြားခဲ့သည့်အပြင်၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားအလုံအလောက်ထွက်ရှိသော်လည်း အပြည့်အဝမရှိသေးကြောင်း၊ မိသိန်းကဲ့သို့သော ဇီဝဓါတ်ငွေ့ များမှ ဇီဝနည်းပညာများအသုံး၍ ဒေသခံလူထုအား လျှပ်စစ်ဓါတ်ထုတ်လွှတ်ပေးနိုင်ကြောင်း၊ သို့သော် အဆိုပါနည်းပညာများ မြန်မာနိုင်ငံတွင်မရှိကြောင်း၊ မိမိတို့အနေဖြင့် Bio-economy ပိုင်းကို စတင်ရင်းနှီမြုပ်နှံသင့်ကြောင်း၊ ထိုကဲ့သို့ပြုလုပ်ရာတွင် မိမိတို့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာတွင် များစွာ နောက်ကျနေပြီဖြစ်သောကြောင့် စု၊ တု၊ ပြု စံနှုန်းအတိုင်းလုပ်ဆောင်သင့်ကြောင်း၊ ထို့ကြောင့် ဤညီလာခံမှတစ်ဆင့် အချင်းချင်းဝေမျှကြရန်မျှော်လင့်မိကြောင်း၊ ထိုမှသာ မြန်မာနိုင်ငံ၏ Bio-economy ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း” ပြောကြားရင်း Bio-economy Potential in Myanmar မိန့်ခွန်းကိုအဆုံးသတ်ခဲ့သည်။
ညီလာခံ ဒုတိယနေ့ မနက်ပိုင်းအစီအစဉ်အရ Department of chemical, Energy and Environmental Engineering, Faculty of Environmental and Urban Engineering, Kansai University မှ ဒေါက်တာ Hideki Yamamoto နှင့် Hanyang university, Department of Marine Sciences and Convergent Technology မှ ဒေါက်တာ Se-Kwon Kin တို့မှ Measurement of Hasen Solubility parameter on pollen particle Surface Using Capillary penetration Method နှင့် Development and Applications Bioactive Substances from Marine Resources ဆိုင်ရာအကြောင်းအရာတိုကို ၎င်းတို့နိုင်ငံများမှ လုပ်ဆောင်ချက်များနှင့် ဥပမာပေး၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်တွင် ရွေတောင်ညိုကြီးကုမ္ပဏီကို တည်ထောင်ခဲ့သူ ဉီးဇော်ရဲနောင်မှ “ရည်ရှေတည်တံခိုင်မြဲသော မွေးမြူရေးထုတ်လုပ်မှုအတွက် အသေးစားစီးပွားရေးဂေဟစနစ်”အကြောင်းအရာအောက်တွင် “မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးရေသည် လောင်းကစားခြင်းနှင့် သဏ္ဍန်ဆင်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကမှီခို နေရသော်လည်း လေးစားလောက်ဖွယ် အသက်မွေးဝမ်းကျောင်းဆိုင်ရာအလုပ်တစ်ခုဟု ပြည်သူအများစုမှ မမြင်ကြောင်း၊ ထို့ကြောင့် လက်ရှိစိုက်ပျိုးရေးကို အသက်မွေးဝမ်းကြောင်းအဖြစ် အဓိကအားထားပြီးလုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားအများစုမှာ ငွေကြေးအခက်အခဲ များအပြင် အခက်အခဲအမျိုးမျိုးများကြောင့် ဆင်းရဲမှု သံသရာထဲမှ ရုန်းထွက်နိုင်ခြင်းမရှိတော့ကြောင်း၊ ထို့ကြောင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊ စွန်ဦးတီထွင်ပညာရှင်များ ပေါ်ထွက်လာရန်လိုအပ်သည့်အပြင် Professionalism ဟုခေါ်သော လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာတိုးတက်မှုကိုလည်း လိုအပ်ကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်မှု နှင့် ထိရောက်မှုစွမ်းအားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အရည်အသွေးပိုင်းဆိုင်ရာနှင့် အော်ဂဲနစ်ဖြစ်စေရန် အဓိကထားပြီး လုပ်ဆောင်သင့်ကြောင်း ကိုပြောကြားရင်း မိန့်ခွန်းကိုအဆုံးသတ်ခဲ့သည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်၊ ဇီဝနည်းပညာဌာန ၊ ဂေဟစနစ် သုတေသနပညာရှင်၊ စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း မှ ဒေါ်နီတာနွယ်မှ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးချက် အဖြစ် “ပထမ အကြိမ်ညီလာခံမှ တစ်ဆင့် Production and Application of Biomaterials စာအုပ်ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ သို့သော် လိုအပ်ချက်များစွာ တွေ့ရှိရသောကြောင့် ပြင်ရန်ရှိသည်များကို ပြင်နိုင်ဖို့လိုအပ်ကြောင်း၊ သုတေသနတစ်ခုပြုလုပ်ရာတွင် ဆရာ နှင့် ကျောင်းသား အတူတကွပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း၊ မိမိတို့ပြုလုပ်လျှက်ရှိသော သုတေသနလုပ်ငန်းများသည် Kansai တက္ကသိုလ်၏အကူအညီများစွာပါဝင်ကြောင်း” ပြောကြားခဲ့သည်။
ညီလာခံတတိယနေ့တွင် မြန်မာ့ ငါးဖမ်းလုပ်ငန်းအဖွဲ့ချုပ် မှ ဦးတင်မောင်သန်းမှ “ငါးမွေးမြူရေးဆိုင်ရာ ဗဟုသုတ များ၊ မြန်မာနိုင်ငံတွင် ငါးကြင်း၊ ပုဇွန် မွေးမြူရေး လွှမ်းမိုးလျက်ရှိကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ငါးကြင်းကို အရှေ့အလည်ပိုင်း နှင့် အီးယူ စျေးကွက်များသို့ တင်ပို့ကြောင်း၊ ပုဇွန်များကို အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တင်ပို့ကြောင်း၊ မိမိတို့လက်ရှိ ငါးမွေးမြူရေးလုပ်ငန်းအများစု တွင် တွေ့ရလေ့ရှိသော အဓိကအားနည်းချက်မှာ ကန်အရွယ်အစား ကြီးမားမှုများ၊ အထွက်နှုန်းနည်းပါးမှု၊ အရင်းအမြစ်အားနည်းခြင်း တို့ဖြစ်ကြောင်း၊ ဆက်လက်၍ FAA ၏ လုပ်ငန်းစဉ်များ၊ ပိုမိုကောင်းမွန်သော မွေးငါးမွေးမြူရေးနည်းလမ်းများ၊ အဆိုပါနည်းလမ်းများမှတစ်ဆင် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးဝင်ပုံ များကို ငါးများမှ ထွက်ရှိလာသော အမိုင်နိုအက်စစ်ကို စိုက်ပျိုးဓါတ်မြေဩဇာအဖြစ် အသုံးပြုပုံနှင့် နှိုင်းယှဉ် ဥပမာပေးပြောကြားခဲ့သည်။”
အဆိုပါ (၃) ရက်ကြာညီလာခံတွင် ညီလာခံနှင်တကွ စာတမ်းဖတ်ပွဲအား၊ ရန်ကုန်ရှိ သုတေသန ကျောင်းသားကျောင်းသူများ၏ ပိုစတာပြပွဲနှင့်အတူကျင်းပခဲ့သည်။ စာတမ်းဖတ်ပွဲတွင်Technology and Engineering, Environment, Food and Nutrition, Biotechnology and Agriculture ခေါင်းစဉ်များအောက်တွင် ရန်ကုန်တက္ကသိုလ်နှင် Kansai တက္ကသိုလ်မှ သက်ဆိုင်ရာကျွမ်းကျင်သူ ဆရာ ဆရာမများမှ ကြီးမှူး၍ သုံးရက် အညီအမျှခွဲဝေပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ တက္ကသိုလ်များမှ သုသေတန ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ တက်ရောက်ပါဝင်ခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် International Conference for Bio-Economy ညီလာခံအား Kansai တက္ကသိုလ်မှ ပါမ္ခော Hiroshi Tamura မှ နိဂုံးချုပ်နှုတ်ဆက်စကားပြောကြားပြီးနောက်၊ စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲဆုရသူများအား ဆုပေးပွဲအခမ်းအနားဖြင့်အဆုံးသတ်ခဲ့ကြောင်းသတင်းရရှိသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *