၂၉၁၊ ၂၀၇ နှင့် ၃၃၃
ချဲနံပါတ်မဟုတ်ပါ။ မြန်မာနိုင်ငံ နောက် ၅ နှစ်ကံကြမ္မာကို ဆုံးဖြတ်မဲ့ ကိန်းဂဏန်းတွေပါ။
တိုင်း ၇ တိုင်းမှာ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်ပေါင်းလိုက်ရင် ရွေးကောက်တင်မြှောက်ရမဲ့ ကိုယ်စားလှယ် ၂၉၁ ယောက်ရှိတယ်။
ပြည်နယ် ၇ ပြည်နယ်မှာ ၂၀၇ ဦးရှိပါတယ်။
ဒါကြောင့် ၂၉၁ နှင့် ၂၀၇ ပေါင်းရင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်၂ ရပ်ပေါင်းမှာ ရွေးကောက်တင်မြှောက်ရမဲ့ကိုယ်စားလှယ် ၄၉၈ ဦးရှိတယ်။ တပ်မတော် ကိုယ်စားလှယ်က လွှတ်တော်၂ရပ်ပေါင်း ၁၆၆ ယောက် ရှိတယ်။
ရွေးကောက်ခံနှင့်တပ်မတော် ကိုယ်စားလှယ် ပေါင်းရင် စုစုပေါင်း လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၆၄ ယောက်ရှိတယ်။ ဒီအရေအတွက်ရဲ့ တဝက် ၅၀% ကျော်မှ အဲ့ဒီမဲရတဲ့ အဖွဲ့ အစိုးရဖွဲ့ခွင့်ရှိမယ်။ တဝက်က ၃၃၂ ဦး ၅၀% ကျော်ဖို့ နောက်တယောက်ထပ်ပေါင်းလိုက်ရင် ၃၃၃ ခိုင်လုံမဲ ရှိမှ အစိုးရဖွဲ့နိုင်မယ်။
ဒီတော့ ဗမာများတဲ့ တိုင်း ၇ တိုင်းလုံးမှာ NLD ၂၉၁ မဲ လုံးရမှာလား ဆိုတဲ့မေးခွန်းရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းနဲ့ တနင်္သာရီ တိုင်း ၂ တိုင်းမှာ တိုင်းလုံးကျွတ် NLD မဲအပြည့်ရတယ်။ မှတ်မိသလောက်ပြောရရင် ဧရာဝတီမှာ ကျောင်းကုန်းမှာရှုံးတယ်၊ ပဲခူးတိုင်းမှာ ဇီးကုန်းရှုံးတယ်၊ မန္တလေးတိုင်းမှာ မိတ္ထီလာ ပျော်ဘွယ်ရှုံးတယ်၊ စစ်ကိုင်းတိုင်းမင်းကင်းရှုံးတယ်၊ ရန်ကုန်တိုင်း မှာ ကိုကိုကျွန်းနဲ့ ဆိပ်ကမ်းရှုံးတယ်။ ခုလာမဲ့ ၂၀၂၀ မှာကော ကွင်းလုံးကျွတ်မလား။ မဲအပြည့်ရတယ်ပဲထားပါ၊ ၂၉၁ မဲမို့ ခိုင်လုံမဲ ၃၃၃မဲရဖို့ ၄၂ မဲလိုတယ်။ ပြည်နယ်မဲ ၂၀၇မဲထဲက ၄၂မဲရရမယ်။ ၂၀၁၅ တုံးက ချင်းနဲ့ ကချင်မှာ NLD မဲ အများစုရပါတယ်။ ခုကော ဆက်ရနိုင်ဦးမလား၊ ရခိုင်မှာ တောင်မဲ မြောက်မဲ ကွဲပါတယ်။ ခုတခါ ရခိုင်တောင်ပိုင်းက ဆက်ပြီးထောက်ခံကြဦးမှာလား မြောက်ပိုင်းဖက်ကို ယိမ်းကျမှာလား။ ကယားကကော ဘယ်လိုနေမလဲ။ လူထုနဲ့အဆင်မပြေတဲ့ ဝန်ကြီးချုပ်ကြောင့် နိုင်ခဲ့တာတွေ ပြန်ပေးလိုက်ရမှာလား၊ ကရင် ကကော ဘယ်လိုရှိမလဲ၊ စုစည်းသွားတဲ့ ကရင်ပါတီတွေကြောင့် ကရင်မဲ မကွဲတော့ပဲ အမျိုးသားစိတ်နဲ့ ကိုယ့်လူမျိုးပါတီကိုပဲဆက်ပေးလိုက်မှာလား၊ မွန်မှာကော အပြောင်းအလဲရှိမှာလား၊ ရှမ်းမှာကတော့ နဂိုကတည်းက အနိုင်မများတော့ သိပ်ထူးမျှော်လင့်လို့ မရနိုင်ဘူးထင်ပါတယ်။
ပြည်မမှာ ပြည်ခိုင်ဖြိုးအပြင် အခြားပါတီတွေရှိပါသေးတယ်။ သူတို့ကကော ဘယ်လောက်အထိ မဲရနိုင်မလဲ။
ဘယ်သူတွေနိုင်မလဲ ဆိုတဲ့နေရာမှာ ဘယ်သူတွေ မဲထွက်ပေးသလဲပေါ်မူတည်မယ်။ ၂၀၁၅ တုံးက ပြောင်းလဲဖို့ကို အားသန်နေတဲ့ လူထု တော်တော်များများက ထွက်ပေးတော့ NLD တောင်ပြိုကမ်းပြိုနိုင်တယ်။ ခု ၂၀၂၀ မှာ အဲ့လောက် မဲထွက်ပေးမဲ့လူ မရှိတော့ ဘူးခန့်မှန်းရတယ်။ ထွက်ပေးမဲ့သူက သုံးမျိုးသုံးစားရှိနိုင်ပါတယ်။ ပါတီစွဲရှိတဲ့သူတွေ ကိုယ့်ပါတီကိုယ်မဲပေးဖို့ ထွက်ပေးမယ်။ တိုင်းရင်းသား ပါတီဖြစ်ဖြစ် မြန်မာပါတီတခုဖြစ်ဖြစ်ပေါ့၊ ဒုတိယ ကတော့ ကြောက်လို့ ထွက်ပေးမယ်။ တချို့ဒေသတွေမှာ မဲပေးတဲ့သူတွေကို ဖိအားပေးမှုရှိနေနိုင်သေးတယ်၊ အဲ့သူတွေက ဖိအားပေးခံရသလောက် ထွက်ပေးရတာမျိုးပေါ့၊ တတိယ ကတော့ နိုင်ငံရေးစိတ်ပြင်းပြပြီး ခံစားချက်နဲ့မဟုတ်ပဲ ပေးသင့်ပေးထိုက်တဲ့သူကို ဆင်ခြင်တုံတရားနဲ့ ရွေးချယ်ပြီးပေးမဲ့သူမျိုးပေါ့၊ ဒါမျိုးတွေကတော့ % များများမရှိနိုင်ဘူး ထွက်ပေးလည်း မဲကွဲမှာဖြစ်ပြီး NLD အနေနဲ့ ထောက်ခံမဲ သိပ်ထွက်တွက်လို့ရမှာ မဟုတ်ဘူးထင်တယ်။ ဒုတိယ အမျိုးစားကတော့ လုံခြုံရေး တည်ငြိမ်ရေး ပြဿနာရှိတဲ့ ဒေသတွေဖြစ်ပြီး NLD မဲမရဖို့များပါတယ်။ ဒီတော့ ပထမ အမျိုးစား မဲပေးသူတွေကိုပဲ အားထားရမဲ့ သဘောရှိပါတယ်။
နိုင်ငံရေး ကို စိတ်ပျက်လို့ မဲထွက်ပေးမဲ့သူမရှိရင် ပါတီကြီးတွေ ပို အခြေအနေကောင်းမယ်ထင်ပါတယ် ။ ထွက်ပေးမဲ့သူက solid မဲ ကြိမ်းသေပေါက် ကိုယ့်မဲ လို့ တွက်လို့ရတာကိုး၊ မဲပေးသူနည်းလည်း ပေးသူအားလုံးက ကိုယ့်ကိုပေးမဲ့သူများတယ်လို့တွက်လို့ရနိုင်တာကိုး၊ လူတွေ နိုင်ငံရေး စိတ်ပျက်ပေမဲ့ နိုင်ငံသား ဝတ္တရားအရ မဲထွက်ပေးဦးမယ်လို့ ဆုံးဖြတ်တဲ့သူတွေ များလာရင် ပါတီကြီးတွေ မျက်ခုံးလှုပ်ရမယ်။ ဒီလူတွေက တတိယ အမျိုးစား မဲပေးသူတွေ ဖြစ်သွားနိုင်လို့ပဲ။
သူများတွေမဲ ဘယ်သူ့ပေးမလဲထားလိုက်ကိုယ်ဘယ်လိုမဲပေးမလဲကို ပြောလို့ရပါတယ်။ ၂၀၁၅ တုံးက လူမကြည့်ပဲ အလံတော်ကြည့်လို့ NLD မဲပေးခဲ့ပါတယ်။ ၂၀၂၀ မှာတော့ လူကြည့်ပြီးမဲပေးပါမယ်။ ကမာရွတ်မြို့နယ်မှာ ဝင်ပြီးရွေးကောက်ခံသူတွေထဲမှာ ဘယ်သူ ပညာအရကော၊ အတွေ့အကြုံအရကော၊ အများကျိုးဆောင်ရွက် ခဲ့ဘူးတဲ့ မှတ်တမ်းအရရော ၊ သူရဲ့ရွေးကောက်ပွဲကတိ ကျိုးကြောင်းကျမှုအရကော လွှမ်းခြုံစဉ်းစားပြီး၊ ကြိုက်တဲ့သူတွေ့ရင် အဲ့ဒီ့လူကို မဲပေးပါမယ်။ တယောက်မှ မကြိုက်ဘူးဆိုရင်တော့ NLD ကိုပဲ မဲပေးပါမယ်။ မဲမပေးပဲတော့ မနေပါဘူး၊ ကိုယ်ပေးလိုက်မဲ့ မဲကြောင့် မဲကွဲမှာ မဲပြားမှာ နားမယောင်ပါဘူး၊ ဒါကျွန်တော်စဉ်းစားထားတာကို ပြောတာပါ။ လူကြိုက်ရင်တော့ ပြည်ခိုင်ဖြိုးပဲ ဖြစ်စေဦးမဲပေးမှာပါ။ တသီးပုဂ္ဂလဲမဲပေးမှာပါ။ ကျွန်တော့်သားအငယ်ဆုံးကတော့ သူပထမဆုံး မဲစပေးဘူးတဲ့ စီပင်သာယာရွေးကောက်ပွဲ မှာ ဓာတ်ပုံထဲမှာ ကြည့်ကောင်းတဲ့သူကို ပေးတယ်လို့ပြောပါတယ်။ သားကြီးက ဘယ်လိုပြောပြော
မဲ မပေးပါ။
ဒီလိုအနေအထားတွေရှိတဲ့အတွက် NLD ဟာ ပြည်နယ်တွေမှာ ၄၂ မဲရဖို့ အတော်ရုန်းကန်ရပါမယ် တိုင်းဒေသကြီးက မဲတွေအကုန်လုံး NLD ကယူမယ်၊ ပြည်နယ်ကမဲတွေ အကုန်လုံး တိုင်းရင်းသား ပါတီတွေ ကရမယ်ဆိုရင် NLD က ဘယ်တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ မလဲ ဆိုတာ စဉ်းစားစရာဖြစ်သလို တိုင်းရင်းသားပါတီတွေကလည်း NLD က ပြစ်ပယ်ထားခဲ့သည့်အလျောက် စိတ်ထဲမှာ တေးမှတ်ထားပြီး စစ်တပ်နဲ့ ပေါင်းပြီး အစိုးရဖွဲ့ မှာလားဆိုတဲ့ ဂွတီးဂွကျ မေးခွန်းပေါ်လာပါလိမ့်မယ်။ တပ်မတော်ဘက်က သက်ဆိုင်ရာ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီက လူတွေ ကို ဝန်ကြီးချုပ်ပေး လုပ်ခွင့်ပြုမယ်၊ ငြိမ်းချမ်းရေး အတွက် တချို့လိုက်လျောပေးမယ်၊ ဆိုရင် တိုင်းရင်းသားပါတီတွေ စစ်တပ်မဲနဲ့ ညွှန့်ပေါင်း အစိုးရ ဖွဲ့ သွားနိုင်ပါတယ်။ ဒီလို ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ရွေးကောက် တင်မြှောက်ခံရမှာ ဖြစ်သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ လုပ်လို့မရတော့ပါဘူး။ အတိုက်အခံ အဖြစ်ပဲ ရပ်တည်ရမှာပါ။
တကယ်တော့ တိုင်းရင်းသား ပါတီတွေ အတွက်ကျတော့လည်း တပ်မတော်နဲ့ပေါင်း အစိုးရဖွဲ့ဖို့ဆိုတာ တော်တော် ကိုးလိုး ကန့်လန့် နိုင်တဲ့ ကိစ္စပါ။ သို့သော်လည်း နိုင်ငံရေးမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုတာကြောင့် ထူးထူးဆန်းဆန်း တွေလည်းဖြစ်နိုင်ပါတယ်။ ဦးတီခွန်မြတ် ကိစ္စ တိုင်းရင်းသားပါတီတွေ တပ်နဲ့ပေါင်းသွားတာကို ကြည့်ပြီး အလားအလာ ခန့်မှန်း နိုင်ပါတယ်။
ဒီတော့ NLD အနေနဲ့ စဉ်းစားရမှာ
(၁) ကိုယ်အားကိုယ်ယုံပြီး အားသွန်ခွန်စိုက် တောင်ပြို ကမ်းပြို နိုင်အောင် လုပ်မလား။
(၂) ရွေးကောက်ပွဲ မတိုင်ခင်ကတည်း က အဓိက တိုင်းရင်းသား ပါတီကြီးတွေနဲ့ ညှို နှိုင်း မဟာမိတ် လုပ်သွားမလား။
(၃) ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီးမှ အခြေအနေအရညှိုသွားမလား။
အစရှိသဖြင့် ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ မရွေးဖို့ များတယ်ထင်ပါတယ်။
Win Myo Thu
12.6.2020

0 Comments