2020 နှစ်ကူး အတွေး

မင်းကွန်းခေါင်းလောင်းကြီး အသံမြည်တာ ၂၀၂၀ မှာ နှစ် ၁၀၀ ပြည့်မဲ့ နှစ်လို့ဆိုပါတယ်။ ခေါင်းလောင်းကြီးသွန်းလောင်းကာစ က ကြေးအလေးချိန်များပြီး အသံမထွက်ပါတဲ့။ ဒါနဲ့ အင်္ဂလိပ်နဲ့ မြန်မာ ပညာရှင်တွေ ကြံစည်ကြိုးပမ်းမှုနဲ့ ခေါင်းလောင်းအတွင်းပိုင်းက ကြေးတွေ ကလော်ထုတ်မှပဲ ခေါင်းလောင်းဟာ အသံမြည်တယ်လို့ဆိုပါတယ်။ ဒါကြောင့် နှစ်ဆန်းတစ်ရက်နေ့ မင်းကွန်းသွားလို့ မင်းကွန်းခေါင်းလောင်းတီး ကြရင်တော့ဖြင့် ကံပွင့် ဉာဏ်ပွင့် လို့ လိုရာဆုတောင်းပြည့်လေမလားတွေးစရာပါပဲ။
ခေါင်းလောင်းကြီးအသံမြည်သလိုအေးဆက်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ပြန်လည်လှုပ်ရှားနိုးထလို့ တဆင့် တက်လှမ်း နိုင်မလား မျှော်မှန်းကြည့်မိတယ်။ လွှတ်တော်ထဲက ခြေဥပြင်ဆင်ရေးကရော ဘယ်လောက်ထိခရီးရောက်မလဲ။ အပရိက လောက်နဲ့ ဘဲ ပြီးသွားမလား။
စီးပွားရေးကလည်း နိုင်ငံရေး အပေါ်တည်မှီနေလို့ နိုင်ငံရေး အရွေ့ရှိသလောက်ပဲ အတက်အကျဖြစ်မယ်လို့ ခန့်မှန်းမိတယ်။ ICJ တရားရုံး ဆုံးဖြတ်ချက် လည်း မကြာခင် ထွက်လာတော့မှာမို့ ၂၀၂၀ စီးပွားရေးအလားအလာ ကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု က ခုလည်းပဲ ထူးပြီး တိုးတက်တာမရှိပေမဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ် ICJ က ရိုက်ခတ်နိုင်မဲ့ အနေအထား ရှိနေတာတော့အမှန်ပါပဲ။ ဒီတော့ စီးပွားရေး က တက်ဖို့ထက် မကျဖို့ကိုပဲ လုံးပန်းရမဲ့ သဘောဖြစ်နေပါတယ်။ အနောက်နိုင်ငံစျေးကွက်တွေ ပိတ်ဆို့ခံရမဲ့ဘေး လွတ်ကင်းပါစေလို့ ဆုတောင်းရုံပဲရှိပါတယ်။
နိုင်ငံရေး စီးပွားရေး အီလယ်လယ်ဖြစ်နေရင်တော့ လူတွေက သဘာဝကပေးထားတဲ့ သယံဇာတကိုပဲ တွန်းထုတ်ပြီး အသက်ရှင်သန်ရေး ကြိုးပမ်းကြတာ ဓမ္မတာပါ။ ဒါဆိုရင်တော့ ပတ်ဝန်းကျင်က ပျက်ဆီးမြဲ ပြုန်းတီးမြဲ ထူးပြီးကောင်းလာစရာမမြင်မိပါဘူး။
တနေ့က မီဒီယာတခုကအမေးရှိလာတယ်၊ ၂၀၂၀ မှာ မြစ်ဆုံစီမံကိန်းကိစ္စ ဘယ်လိုရှိနိုင်သလည်းပေါ့။ နိုင်ငံတကာဆက်ဆံရေး က ဆိုးဆိုးဝါးဝါးတွေဖြစ်နေတော့ မြစ်ဆုံအရေး သွား ညှိုနှိုင်းနေတဲ့သူများက ပိုပြီး အောက်ကြို့ရမဲ့ အနေအထားမို့ ပြည်သူအများမျှော်လင့်သလို အဖြေထွက်ဖို့ကတော့ အလားအလာ မရှိဘူးလို့တော့ ပြောဖြစ်ပါတယ်။ သို့သော် ၂၀၂၀ ထဲ မြစ်ဆုံ ဆက်လုပ်မယ် လို့ တရားဝင်ထုတ်ပြန်လို့ကတော့ လာမဲ့ ရွေးကောက်ပွဲ ကိုယ့်ကိုကိုယ်ကြိုးဆွဲ ချ သလိုဖြစ်မှာမို့ သဘောတူညီချက်တွေ ရခဲ့ ပြီးရင်တောင်မှ ရွေးကောက်ပွဲ ပြီးမှပဲ လူသိရှင်ကြား ထုတ်ပြန်မဲ့ သဘောရှိပါတယ်။ ခုလို နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် စျေးညှိုလို့ အကောင်းဆုံးဖြစ်နေတာမို့ တရုပ်ကုမ္ပဏီကတော့ အလိုရှိရာ အစွမ်းကုန်ကြိုးစားမယ်လို့ မှန်းဆကြည့်လို့ ရပါတယ်။ သို့သော်ငြားလည်း တရုပ်သမ္မတကြီး တရုပ်နှစ်သစ်ကူးမတိုင်မှီမြန်မာပြည် လာမယ် လို့ သိုးသိုးသန့်သန့် ကြားနေရတော့ ရှင်ကျီပင် က မြန်မာပြည်သူအများ စိတ်ချမ်းသာစေခြင်းအလို့ငှာ စီမံကိန်းကို တရုပ်ဖက်က ရုတ်သိမ်းလိုက်သည်လို့ ကြေငြာပေးချင်ပေးနေမှာလို့ ပြောဖြစ်ပါတယ်။ ဘာအချက်အလက် အပေါ်မှ အခြေမခံပါဘူး၊ စိတ်ကူးထဲ ဖြစ်စေချင်တာကို တောင့်တမိတဲ့ သဘောပါ။ ဖြစ်တန်စွမ်းကတော့ ၀% ပဲဖြစ်ပါလိမ့်မယ်။
ခြုံကြည့်ရင်တော့ ၂၀၂၀ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင် အရေးက တော့ မင်းကွန်းခေါင်းလောင်းကြီးလိုပဲ ဖြစ်မယ်ထင်ပါတယ်။ ခေါင်းလောင်းကြီးတီးကြည့်လိုက်လို့ အသံသာယာနာပျော်ဘွယ်ထွက်လာမလား၊ ဒါမှ မဟုတ် ထုံပေပေ ကြီး အသံထွက်လာမလား မပြောတတ်ပါ။ မနက်ဖြန် မင်းကွန်းသွားကာ ခေါင်းလောင်းတီး ယတြာချေကြမဲ့သူများ ခေါင်းလောင်းသံ ဘယ်သို့ဘယ်ပုံ ရှိကြောင်း ဖောက်သည် ပြန်ချ ကြပါ။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *