ဧရာဝတီလင်းပိုင် တွေ နဲ့ ၂၀၀၈ခြေဥ
ဒီ ခုနှစ်လ ရှစ်လအတွင်း သေဆုံးတာ ၇ကောင်တောင်ရှိပြီဆိုတော့ ဒီကိစ္စဟာ အတော်လွန်လာပြီ။
လွန်ခဲ့ တဲ့ ၃နှစ်လောက်တုံးက လေ့လာမိသလောက်တော့ ငါးလုပ်ငန်း လိုင်စင်ချထားပေးမှုဟာ လင်းပိုင်တွေသေဆုံးရတာနဲ့ပတ်သက်ဆက်စပ်နေတယ်။ အခွန်ဘဏ္ဍာ တိုးတက်ရရှိရေးဆိုပြီး ငါးဖမ်းကွက်တွေနေရာအနှံဖော်ထုတ်ပြီး ငါးလိုင်စင်ပစ်တယ်။ ဒီလိုင်စင်က လေလံ လူတိုင်းဆွဲလို့ရတယ်ဆိုသော်လည်း လုပ်စားနေကြ အင်းသူကြီးတွေကပဲ လက်ဝါးကြီးအုပ် နှစ်စဉ် အစဉ်အဆက်ရနေသလိုဖြစ်တယ်။ မူလ ချပေးထားတဲ့ ဖမ်းကွက်ထက်ကို ချဲ့ပြီး သတ်မှတ်နယ်လုကြတယ်။ သက်ဆိုင်သူတွေနှာစေးနေကြတယ်။
ဒီလိုင်စင်ရတဲ့သူက တကယ်ဖမ်းစားတဲ့ရေလုပ်သားကို ပြန်ပြီး လုပ်ကွက်ခွဲတဆင့်ပြန်ချပေးကြတယ်။ ပေးရတဲ့ နှုန်းက ရေလုပ်သားတွေအတွက်များတယ်။ တဖက်မှာလည်း ငါးက ပိုရှားသထက်ရှားလာတယ်၊ လုပ်စားရတာမလွယ်။ ရေလုပ်သားတွေမလုပ်ချင်လည်း တားမြစ်ပိုက်မျိုးစုံ အသုံးပြုတာမျိုးတွေ လျှပ်စစ်နဲ့ ညဖက်မှာ ခိုးပြီးလျှော့တိုက်တာ
မျိုးတွေ လုပ်ကိုင်ကြရတယ်။ ဒီအတွက် လိုသမျှ အရင်းနုဲ့ပစ္စည်းထုတ်ပေးမဲ့သူတွေ ငါးရမှ ပြန်ပေးဆိုပြီး သူခိုးအားပေးလုပ်နေသူတွေက ရှိပြီးသား။
ဒီလို မဟုတ်တာပိုလုပ်လေ လိုက်ဖမ်း လိုက်စစ်ဆေးတဲ့ သူကို လိုင်းကြေးက ပေးရပြန်ကော။ ဒီတော့ စရိတ်စကတွေ တက်နေတဲ့ ရေလုပ်သားကလည်း မထူးလျှော့ ခင်းတော့ လင်းပိုင်တွေ သေပြီးရင်းသေပေါ့။
၂၀၀၈ ခြေဥ က ငါးလုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို ပြည်နယ်တွေ တိုင်းဒေသကြီးတွေ ထံ အာဏာခွဲဝေပေးလိုက်တယ်။ သက်ဆိုင်ရာဒေသအသီးသီးက ဒေသအလိုက် သီးခြားဥပဒေတွေပြဌာန်းကျင့်သုံးကြတယ်။ စစ်ကိုင်းတိုင်းက ဥပဒေက ပြင်းထန်တော့ ရေလုပ်ငန်း တရားမဝင်လုပ်တဲ့ လုပ်ငန်းက ဥပဒေကြောင်းအရ ပျော့တဲ့ မန္တလေးဖက်ခြမ်းမှာ ပိုဖြစ်လာတယ်။ ခြေဥအရ အချို့အာဏာတွေကို delegate လုပ် အောက်ခြေကိုချပေး ပေမဲ့ ဒေသတွေမှာက စွမ်းဆောင်ရည်လည်းမရှိ၊ အဖွဲ့အစည်းလည်းမရှိဖြစ်နေကြတယ်။ ဗဟိုက ခန့်ထားတဲ့ ငါးလုပ်ငန်းဦးစီးက ဝန်ထမ်းတွေကပဲ တိုင်းဒေသကြီးတွေမှာ တာဝန်ထမ်းဆောင်ကြရတယ်၊ မွေးစားသားနဲ့ မွေးစားအဖေ ဆက်ဆံရေးမျိုးဖြစ်နေကြတယ်။ အဖေရင်းကတော့ နေပြည်တော် သို့သော် တိုင်းဒေသကြီးတွေ မှာ နေပျော်သလို အဆင်ပြေသလို ကြည့်ပြီးဆက်ဆံနေရတယ်။ တိုင်းဒေသအာဏာပိုင်တွေက ကြီးကြပ်ကွပ်ကဲတယ်ဆိုသော်လည်း ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လို့မရ၊ နေပြည်တော်ဆင်ခြေပေးရင် မျောက်သစ်ကိုင်းလွတ်သလိုမျိုးပဲ ဟိုလိုလို ဒီလိုလိုနဲ့ လက်တွေ့မှာ ဥပဒေစိုးမိုးရေးလုပ်ဖို့ အခက်အခဲတွေရှိနေတယ်။ ရဲပါမှ ဖမ်းလို့ရမှာဆိုတော့ ရေကြောင်းရဲ၊ ကုန်းရဲ တွေနဲ့ လိုင်းပူး၊ လိုင်းထပ်တာတွေရှိသလို အားလုံးသိကြတဲ့အတိုင်းပဲ ရွေးကောက်ခံအစိုးရက ပြည်သူ့ရဲကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ဖို့က ခက်နေဆဲဖြစ်တယ်
ဒီအကြောင်းကြောင်းသော အကြောင်းများကြောင့်ပဲ တကယ့်အောက်ခြေမှာ လင်းပိုင်ထိန်းသိမ်းရေး ၊ တရားဥပဒေစိုးမိုးရေးတွေက ထိရောက်အောင်ဆောင်ရွက်ဖို့ကို မနီးစပ်နိုင်ဘူးဖြစ်နေတယ်။ ဖဘ ထဲပါလာရင် သက်ဆိုင်ရာ လူကြီးတွေ သွားပြီး ဘီလူးဆိုင်းတီးမယ်။ ပြီးရင်တော့လည်း ပိုနေမြဲကျားနေမြဲ။
ချုပ်ရရင်တော့
(1) ခြေဥအခြေပြု နိုင်ငံရေးပေးထားချက် အကန့်အသတ်ဖြစ်ဘောင်ခတ်ထားမှု၊
(2) ဟန်ချက်မညီတဲ့တရားဥပဒေစိုးမိုးရေး၊
(3) ငါးဖမ်းလုပ်ငန်း လက်ဝါးကြီးအုပ်ချယ်လှဲရေး၊
(4) အဂတိလိုက်စားမှု၊ နဲ့
(5) ဆင်းရဲ နွမ်းပါးမှုနဲ့ ရွေးချယ်စရာမရှိမှု
ဒါတွေ ဖြေရှင်းနိုင်မှပဲ ဧရာဝတီလင်းပိုင်တွေ မျိုးတုန်းမှုကို ကာကွယ်နိုင်မယ်လို့ယူဆပါတယ်။
Sayar Win
31 July 2020

0 Comments