Myanmar Sustainable Development Policy MSDP ရေးဆွဲ အတည်ပြုနိုင်ခဲ့တာကတော့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ရဲ့ ထူးခြားတဲ့ မူဝါဒရေးရာ တိုးတက်မှုလို့ ပြောရမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူပေါင် ရေးဆွဲအတည်ပြု နိုင်ခဲ့တာလည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အသစ်ရေးဆွဲ အတည်ပြုပြဌာန်းတဲ့ သစ်တောဥပဒေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေဆိုင်ရာ ဥပဒေတွေကတော့ ဗဟိုဦးစီးမှု စီမံခန့်ခွဲရေးတွေကိုအကဲသာနေပြီး ပြည်သူ့ဗဟိုပြုရေး အခြေခံတချို့ ပါလာတာကိုတွေ့ရပါတယ်။
ဆိုးဝါးတဲ့ဥပဒေကတော့ မြေလွတ်မြေရိုင်းဥပဒေကိုပြင်ဆင်တဲ့ဥပဒေပါဘဲ။ ဆွေးနွေးနေတဲ့ ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမှ အားမနာ တိုင်းရင်းသားဒေသတွေမှာ မြေယာအငြင်းပွားမှုနဲ့ မတည်ငြိမ်မှုတွေကို မီးလောင်ရာလေပင့်မယ့် ဥပဒေ ပြင်ဆင်မှုပါပဲ။ မူဝါဒ၊ ဥပဒေက ဖယ်ခွာလို့ မြေပြင်အနေအထား သဘာဝပတ်ဝန်းကျင် ပျက်စီး ပြုန်းတီးမှုကို ကြည့်မယ်ဆိုရင် တရားမဝင်သစ်တွေ သစ်တောဦးစီးဌာနက ဖမ်းဆီးမှု အခြေအနေက ပိုမိုများပြားလာတဲ့ သဘောရှိပြီး ပိုခိုးလာလို့ ပိုမိတာလား၊ ပိုဖမ်းလာလို့ ပိုမိလာတာလားကတော့ ဆန်းစစ်ဖို့လိုနေပါတယ်။ အရပ်ဘက်က လေ့လာ စောင့်ကြည့်မှု အရတော့ လက်နက်ကိုင် ပြည်သူ့စစ်စခန်းတွေကနေ တရုတ်နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုပို့တာတွေဟာ လျော့မသွားဘဲ ပိုတောင်စိတ်လာတဲ့အနေအထားရှိပါတယ်။
ရုပ်ပျက်ဆင်းပျက် သစ်ထုတ်လုပ်မှုတခုက ပြည်နယ်တခုမှာ တရားမဝင်ခုတ်ယူထားတဲ့ ကျွန်းသစ်တန် တစ်သောင်းရှစ်ထောင်ကျော်ကိုအစိုးရက တရားဝင်ခွင့်ပြုပေးလိုက်တာပါပဲ။ ဒေသခံတွေအဆိုအရ အမှန်တကယ် ခုတ်ယူထားတဲ့ ပမာဏဟာ မြေပြင်ခန့်မှန်းချက်အရ အနည်းဆုံး တန်သုံးသောင်းလောက် ရှိပြီး တရားဝင် ခွင့်ပြုချက်ရထားတာတွေနဲ့ရောပြီး သယ်ဆောင်သွားမယ်လို့ သံသယရှိနေကြပါတယ်။ အဲ့ဒီ့ပြည်နယ်ကပဲ ၁၂ ဘီးကား အစီး ၁၇၀ ကျော်ဟာ တရုတ်ပြည်နယ်စပ်အထိ သစ်တွေ သယ်ဆောင်သွားတယ်လို့ သိရပြီး လမ်းခရီးမှာ အဖမ်းအဆီး မခံရအောင် ငွေနဲ့ ပေါက်သွားတာ ကားတစီး သိန်း ၁၅၀ ကျတယ်လို့လည်းကြားသိရပါတယ်။ ဒီလောက် အုံနဲ့ကျင်းနဲ့ မန္တလေး၊ လားရှိုး၊ မူဆယ် လမ်း ကို ဖြတ်ကျော် အသုံးပြုသွားတယ်လို့ ကြားသိရတဲ့အတွက် အတော်မယုံနိုင်အောင်ရှိခဲ့ပါတယ်။ အစိုးရက ဒီတရားမဝင်သစ်တွေ တရားဝင်ခွင့်ပြုလိုက်တာဟာ National Cease Fire Agreement လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာပါတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သဘာဝသယံဇာတတွေ ထုတ်တဲ့အခါ နိုင်ငံတကာစံနှုန်းစံထား EITI အတိုင်း ဆောင်ရွက်လုပ်ကိုင်ပါမယ် ဆိုတဲ့ ပြဌာန်းချက်ကိုချိုးဖောက်ရာရောက်ပါတယ်။ ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိုနှိုင်းဖို့ ပြင်ဆင် လုပ်ကိုင်နေတဲ့ Forest Law Enforcement Governance and Trade လို့ဆိုတဲ့ သစ်လုပ်ငန်းဆိုင်ရာ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်သော စီမံအုပ်ချုပ်လုပ်ကိုင်မှု စံချိန်စံညွှန်းဘောင်တွေကနေ သွေဖီခဲ့ပြီး အပြောတမျိုး အလုပ်တမျိုး သာဓက တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
သစ်တောနဲ့ဆက်နွယ်နေတဲ့ ဇီဝရတနာတွေထိန်းသိမ်းရေးဟာလည်း ပန်းမပန်နိုင်တဲ့နှစ်ပါ။ မြင်သာတဲ့ သာဓကကတော့ ဆင်တွေ သတ်ခံရမှုဟာ သိသိသာသာကို မြင့်တက်လာပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားရေးနှင့် ရာဇဝတ်မှုတွေ ဘယ်လောက်များပြားလာမလဲဆိုတာ မှန်းမျှော်ကြည့်လို့ရပါတယ်။ ထူးခြားမှုတခုအနေနဲ့ အစိုးရကဆောင်ရွက်မဲ့ ဇီဝနယ်မြေထိန်းသိမ်းရေး စီမံချက်တွေကို နာဂ၊ ပူတာအို နဲ့ တနသာင်္ရီတို့မှာ ဒေသခံတိုင်းရင်းသားတွေက Green Wash ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်တာ ဗန်းပြပြီး ဗဟိုအစိုးရ အာဏာချဲ့ထွင်ကာ ဒေသခံဌာနေ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာရပိုင်ခွင့်တွေကို ထိခိုက် ပျက်စီး စေတယ်ဆိုပြီး ဆန့်ကျင်လာကြတာပါ။ ရည်ရွယ်ချက်ကောင်းပေမဲ့ လုပ်ဆောင်ချက် လိုအပ်ချက်တွေ ရှိနေတော့ သားမက်သူခိုးထင်ခံရတဲ့ နှစ်တနှစ်ပါပဲ။
သဘာဝဘေးအန္တရာယ်ကတော့ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် မကျခဲ့ပေမဲ့ ဘီးလင်း၊ တနသာင်္ရီ လို နေရာသစ်တွေမှာ သဘာဝဘေး အတိုင်းအတာတခုအထိကြုံတွေ့လာရတာမို့ ဒေသအလိုက် ဂေဟစနစ်ပျက်သုဉ်းမှု အချက်ပေးခေါင်းလောင်းသံတွေ ညံခဲ့ပါတယ်။ အစိုးရက အရင်ထက်စာရင် ပိုမိုလျှင်မြန်စွာ သဘာဝဘေးကို တုန့်ပြန်လာနိုင်တာ တွေ့ရပေမဲ့ ကြိုတင်သတိပေးစနစ်တို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာတော့ အတော် အားနည်းနေသေးတာတွေ့ရပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကြည့်မယ်ဆိုရင်လည်း လေထု ညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှုက ၂၀၁၈ ခုနှစ်ဟာ ၂၀၁၇ ခုနှစ်ထက် ပိုဆိုးလာပါတယ်။ လေထု ညစ်ညမ်းမှု မြင့်မားတဲ့ အခြေအနေကို WHO အစီရင်ခံစာတွေက သတိပေးနေသလို ရန်ကုန်လိုမြို့ကြီးမှာ လူ့ကျမ္မာရေးကို ထိခိုက်စေနိုင်တဲ့ ညစ်ညမ်းအမှုန်အမွှား သိပ်သည်းမှုပမာဏဟာ မြင့်တက်လာပါတယ်။ အဓိက ကတော့ ပြည်ပက တင်သွင်းလာတဲ့ လောင်စာဆီတွေရဲ့အရည်အသွေးမပြည့်မှီမှုက တရားခံဖြစ်ပြီး တရားမဝင်သွင်းလာတဲ့ အရည်အသွေးညံ့ ဆီတွေနဲ့ရောနှောအသုံးပြုမှုဟာ မြို့ပြ လေထုညစ်ညမ်းမှုရဲ့ တရားခံလို့ပြောရမလို ဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း ကုမ္ပဏီကြီးတစ်ခုကတင်သွင်းလာတဲ့ ဒီဇယ်တွေ အရည်အသွေးမပြည့်မှီကြောင်း စစ်ဆေးတွေ့ရှိချက်တွေ ပေါက်ကြားပြန့်နှံ့ခဲ့တဲ့အတွက် ဒီလိုခိုးဆီနဲ့ အညံ့စားဆီတွေကို မထိန်းချုပ်နိုင်ဘူးလားဆိုတဲ့ အမေးတွေ ၂၀၁၈မှာ ပလုံစီခဲ့ပါတယ်။
လေထုညစ်ညမ်းမှုရဲ့ ဆိုးဝါးတဲ့သာဓက တခုကတော့ ရန်ကုန် လှိုင်သာယာ ထိန်ပင် အမှိုက်ပုံမီးလောင်ခဲ့ပြီး ရက်ပေါင်းအတော်ကြာ ရန်ကုန်မြို့ လေထုညစ်ညမ်းခဲ့ရမှုပါပဲ။ ဒီဖြစ်ရပ်ကိုကြည့်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ရင် ဘာမှပြင်ဆင်ထားခြင်းမရှိဘူး ဆိုတာ ပေါ်လွင်ခဲ့ ပါတယ်။
၂၀၁၈ ခုနှစ်မှာ ရေထုညစ်ညမ်းမှု ပိုမြင့်လာတာကို ပုံမှန်လစဉ်တိုင်းတာမှုတွေအရတွေ့ရှိခဲ့ပါတယ်။ ၂၀၁၇ တုန်းက ရေထုညစ်ညမ်းမှုပမာဏဟာ ကျဆင်းခဲ့ပါတယ်။ ၂၀၁၆ အစိုးရသစ်တက်လာတော့ စက်ရုံ ပိုင်ရှင်များဟာ ဒီမိုကရေစီအစိုးရကိုကြောက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ကြတဲ့အတွက် ရေထုညစ်ညမ်းမှုဟာ ၂၀၁၇ မှာ သက်သာခဲ့ပါတယ်။ ၂၀၁၈ မှာတော့ စက်ရုံပိုင်ရှင်အများစုဟာ အထာကို သိသွားပြီး ပိုနေမြဲ ကျားနေမြဲ အတိုင်း အကြောင်းအမျိုးမျိုးပြ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်ကြတော့ ရေထုညစ်ညမ်းမှုဟာ ပြန်တက်လာတယ်လို့ သုံးသပ်ပါတယ်။ ပတ်ဝန်းကျင် ဥပဒေကလည်း အားနည်း၊ ပတ်ဝန်းကျင်ဌာနကလည်း ဌာနအသစ်၊ အခုထိ အသားမကျသေးတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် ဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်မှုဟာ အတော်အားနည်းပါတယ်။ စီးပွားရေးကျတာအကြောင်းပြပြီး အလုပ်သမားတွေ အလုပ်ပြုတ်ကုန်မှာနော်လို့ လုပ်ငန်းရှင်က ခြောက်လိုက်တာနဲ့ နိုင်ငံရေးသမားများလည်း ဘာလုပ်ရမှန်းမသိ တီကောင်ဆားတွန့်သလို ဖြစ်တော့တာပါပဲ။
ဒါကြောင့် ၂၀၁၈ ကို ခြုံငုံသုံးသပ်ရရင် MSDP လို မူဝါဒကောင်းတွေ ထွက်လာပေမဲ့ ဒီဇာတ်ညွှန်းကို ကပြ အသုံးတော်ခံမယ့်သူများက ချိုမိုင်မိုင်အဆင့်က မတက်သေးတာမို့ ပတ်ဝန်းကျင်ရေးရာ အနှုတ်တွေ ပြခဲ့တဲ့နှစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ကို လှမ်းမျှော်ကြည့်ရရင် ချိုမိုင်မိုင်အဆင့်က အများကြီးတက်မလာနိုင်သလို တရုတ်ရဲ့ ပိုးလမ်မကြီးများ၊ ဂျပန်တို့ရဲ့ infrastructure စီမံကိန်းများ ကလည်း အပြိုင်းအရိုင်း အကောင်ထည်ဖော်ကြမှာမို့ ပတ်ဝန်းကျင်က ပိုပျားတုတ်ခံရမယ့် နှစ်တနှစ်ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။ အဆင်မသင့်ရင်တော့ မြစ်ဆုံလည်း ပါသွားနိုင်ကြောင်းပါ ခင်ဗျား။

0 Comments