Shan State Development and Random Thoughts

တောင်မြောက်အတွေးနဲ့ရှမ်းပြည်ဖွံ့ဖြိုးရေး

ရှမ်းပြည်တောင်နဲ့မြောက်ကို ဖြတ်ပြီး ခရီးသွားချင်နေတာ အတော်ကြာပါပြီ။ ရပ်စောက် နောင်ချိုလမ်းသွားဘူးပေမဲ့ ရှမ်းပြည်အလယ်ပိုင်း လဲချား မိုင်းရှုး ဖက်ကနေသွားချင်နေခဲ့တာ ဒီနှစ် ဒီဇင်ဘာရုံးပိတ်ချိန်မှာ ဆန္ဒပြည့်ခဲ့ပါတယ်။ ရှမ်းပြည်မှာ မရောက်ဘူးသေးလို့ သွားချင်နေသေးတဲ့ နေရာတွေကတော့ မြောက်ပိုင်း နမ်ဆမ်၊ တောင်ပိုင်း ကွန်ဟိန်းကနေ ကျိုင်းတုံ၊ ပြီးတော့ မောက်မယ် ဖက်တွေ သွားချင်ပါသေးတယ်။

တောင်ကြီးကနေ မိုင်းရှုးသွားတော့ လွယ်လင် ပင်လုံ လဲချား မိုင်းနောင်မြို့တွေဖြတ်သွားခဲ့ရပါတယ်။ လွယ်လင်၊ ပင်လုံ နဲ့ လဲချား ကြားက ကုန်းမြင့်လွင်ပြင်တွေဟာ တကယ့်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိတယ်လို့မြင်ပါတယ်။ ရှမ်းပြည်မှာ ပြောင်းပဲ စိုက်နေလို့ကတော့ မရှိမရှားနဲ့ သိပ်ပြီးတိုးတက်ဖို့မမြင်ပါ။ ကောင်းမွန်တဲ့ ရေမြေသဘာဝ နဲ့ ရာသီဥတု အားသာချက်ကို အသုံးချပြီး နှစ်ရှည် သီးပင်စားပင်နဲ့ မွေးမြူရေး လုပ်ငန်းတွဲ ဖက်လုပ်မှသာ ပို ကောင်းမွန်တဲ့ ဝင်ငွေနဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ်ထင်ပါတယ်။ ဒီ့အတွက်ကတော့ ကုန်ကြမ်းရောင်း အဆင့်ကနေ Agri based industry စိုက်ပျိုးရေးနဲ့ စားသောက်ကုန်စက်မှု လုပ်ငန်း တွေ ဖွံ့ဖြိုးမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်တည်တန့် ခိုင်မြဲရေး ကလည်း အရေးကြီးတာမို့ semi intensive agriculture intensification နဲ့ diversification ကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုပါတယ်။ ဒါကြောင့် လွယ်လင် ၊ လဲချားဒေသ ကို အထူး စိုက်ပျိုး မွေးမြူ ဖွံ့ဖြိုးရေး ဇုံ အဖြစ်သတ်မှတ်ပြီး လိုအပ်တဲ့ infrastructure တွေကို ရင်းနှီးမြှုပ်နှံဖို့ လိုမယ်ထင်ပါတယ်။ တိုးပွားလာမဲ့ လူဦးရေ ၂ သန်း ၃ သန်း စာ လောက်ကို မျှော်မှန်းပြီး Human settlement planning ကိုလည်း တပြေးညီ ရေးဆွဲ အကောင်ထည်ဖော်သင့်ပါတယ်။ ရှမ်းပြည်အလယ်လောက်မှာ ဒီလို ဖွံ့ဖြိုးရေး ဇုံ ပေါ်ပေါက်လာမယ်ဆိုရင် တောင်ကြီး လားရှိုးမှာသွားပြီး လူတွေ ထူထပ်စွာ အခြေချနေထိုင်မှု လျော့ပါးသွားရင် အဲ့ဒီမြို့တွေအတွက်လည်းကောင်းပါတယ်။ တောင်ကြီးဆိုရင် ရေရှားလာပြီး ရာသီဥတု ပြောင်းလဲမှု ကို ခံစားရဖို့ရှိတာမို့ ခုကတည်း ကစဉ်းစားပြီး လွယ်လင်လဲခြား ဖွံ့ဖြိုးရေးဇုံ တိုးတက်ရေး ၁၀ နှစ် စီမံကိန်းကို ဦးစားပေး လုပ်သင့်တယ်လို့ ထင်ပါတယ်။

ရှမ်းပြည်နယ်ပြည်သားများကတော့ ဘယ်လိုစဉ်းစားလဲတော့မသိပါ။အခြား ဘယ်နေရာတွေမှာ ဘာတွေ လုပ်ရင်ဖြင့် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လို အထောက်အကူ ပြုမလဲ ဆိုတာ ရှမ်းပြည်နေမိတ်ဆွေတွေရဲ့ အမြင်ကို ဖိတ်ခေါ်ပါရစေ။ ရှမ်းပြည် ငြိမ်းချမ်းနေတယ်လို့တော့ ယူဆထားဖို့တော့လိုပါမယ်။

Win Myo Thu
Photo credit – GOOGLE

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *