စင်ကာပူရောဂါ တစ်ခောတ်ဆန်းချိန်မို့ ကျွန်တော်တို့နိုင်ငံအနေနဲ တကယ် စင်ကာပူကိုမှီနိုင်ပါ့မလားဆိုတာလေးကို လက်တွေ့ကြကြလေ့လာပြီး ဘာတွေပြင်ဆင်ထားဖို့လိုမလဲ လေ့လာထားမိတာလေး ကိုအခြေခံပြီး မျှဝေတာပါ။ စင်ကာပူကိုမှီတာမမှီတာထက် တကယ်လက်တွေ့ဘဝမှာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေကို စဉ်းစားသင့်လဲဆိုတဲအကြောင်းအရာကို အဓိကထားပြီး ဆွေးနွေးချင်ပါတယ်
ကမ္ဘာ့နိုင်ငံတွေကို ဝင်ငွေတွေနဲ့ခွဲတဲ့အခါမှာ ဝင်ငွေနိမ်နိုင်ငံများ (တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁၁၀၀)၊ အလယ်အလတ်ဝင်ငွေ ရှိနိုင်ငံများ (၁၁၀၀ မှ ၁၂၀၀၀ ကြား)နဲ့ ဝင်ငွေမြင့်နိုင်ငံများ (ဒေါ်လာ ၁၂၀၀၀ အထက်) ဆိုပြီး အုပ်စု ၃ စုခွဲပြီးပြောလေ့ရှိကြ ပါတယ်။ ကမ္ဘာနိုင်ငံအများစု ကို ဝင်ငွေနဲ့အချိုးချကြည့်ရင် ပုံမှန်ပျံနှံမှု ပုံစံ (Normal Distribution) ဖြစ်ပြီး ဝင်ငွေနိမ်နိုင်ငံအနည်းစုနှင့် ဝင်ငွေမြင့်နိုင်ငံအနည်းစုက လွဲရင် အများစုက အလယ်အလတ်ဝင်ငွေရှိကြပါတယ်။ မြန်မာနိုင်ငံက ဝင်ငွေနိမ့်နိုင်ငံထဲမှာပါဝင်ပြီး၊ အလတ်အလတ်နိုင်ငံတွေမှာတော့ ထိုင်း၊ ဗီယန်နမ်၊ မလေးရှား စသည့်တိုနဲ့၊ ဝင်ငွေများနိုင်ငံတွေမှာတော့ ဥရောပနိုင်ငံအများစု၊ မြောက်အမေရိကနိုင်ငံများ၊ အာရှက အချို့နိုင်ငံတွေပါဝင်တာကို တွေ့ရှိရပါတယ်။ ဝင်ငွေများနိုင်ငံအများစုကတော့ စက်မှုနိုင်ငံများဖြစ်ပြီး၊ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံတွေက တော့ ဝင်ငွေနိမ့်အုပ်စုထဲမှာ အများဆုံးပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ စီးပွားရေးဆိုတာ အတက်အကျ ရှိသည့်အလျောက် နိုင်ငံများအနေဖြင့် ဝင်ငွေပုံမှန်တိုးတက်ရရှိရေး (Sustained Economic Growth) ဘယ်လိုစွမ်းဆောင်ခဲ့ကြလဲ ဆိုတာများစွာစိတ်ဝင်စားစရာကောင်းလှပါတယ်။ ဝင်ငွေအုပ်စုတစ်စုမှ တစ်စုသို့တိုးတက်ပြောင်းလဲခဲ့တဲနိုင်ငံတွေ အနေနဲ မည်သို့မည်ပုံ တိုးတက်ရရှိခဲ့သလဲဆိုသည်မှာ ဖွံ့ဖြိုးစနိုင်ငံတွေအနေဖြင့် အလွန်လေ့လာသင့်တဲ့ကိစ္စဖြစ်ပါတယ်
ဒီနေရာမှာ ကျွန်တော်အထူးပြုပြောချင်တာက ဘယ်နိုင်ငံတွေအနေနဲ့ ဝင်ငွေအလယ်အလတ်မှနေ၍ ဝင်ငွေမြင့် နိုင်ငံအဖြစ်ဘယ်လိုအောင်အောင်မြင်မြင်တက်လှမ်းခဲ့လဲဆိုတာရယ်၊ ဘယ်နိုင်ငံတွေကတော့ အလယ်အလတ်ဝင်ငွေ ထောင်ချောက်(Middle Income Trap) မှာ ဘာကြောင့်မိနေခဲ့လဲဆိုတာပါပဲ၊ ကိုယ်ကခရီးတစ်ခုသွားမယ်ဆိုရင် မှန်းဆပြီးကောင်းနိုးရာရာနဲ့ ထင်မိထင်ရာကိုပြင်ဆင်တာထက်စာရင်၊ အဲဒီခရီးကို ကိုယ့်အရင်သွားခဲ့ဘူးတဲ့သူတွေရဲ့ အတွေ့အကြုံအပေါ်ကနေသင်ခန်းစာယူပြီး လိုအပ်တာပြင်ဆင်ရင် ပိုပြီး အောင်မြင်နိုင်စရာ အကြောင်းရှိသလိုပါပဲ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖြစ်တာမဖြစ်တာတစ်ကဏ္ဍ ဗမာစကားပုံတစ်ခုဖြစ်တဲ့ ရင်လောက်တင်မှ ဒူးလောက်ကျမှာ ဖြစ်တဲ့အတွက် ပန်းတိုင်မြင့်မြင့်ထားပြီး အဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုမှာဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆုံးအဖြတ်တွေကဘာတွေလဲ
ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံနဲ့ ရေခံမြေခံခြင်းတူတဲ့ မလေးရှားနိုင်ငံကို ဥပမာပေးချင်ပါတယ်။ မလေးရှားနိုင်ငံက မကြာသေးခင် ဆယ်စုနှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ်ပြုပြင်ပြောင်းလဲမှုများနဲ့အတူ စိုက်ပျိုးရေးအခြေခံစီးပွားရေးမှ စက်မှုစီးပွားရေးနောက်၊ ဝန်ဆောင်မှုအခြေခံစီးပွားရေး (Structural Transformation from Agricultural Economy to Industrial to Service Economy) စသည့်ဖြင့် အသစ်ဖြစ်ထွန်းလာတဲ့ စက်မှုနိုင်ငံတစ်နိုင်ငံလိုဆိုနိုင်ပါတယ်။ အရှေ့တောင်အာရှမှာ စင်ကာပူနဲ ဘရူနိုင်းနိုင်ငံတို့ပြီးရင် အမြင့်ဆုံးစီးပွားရေးနဲ ဝင်ငွေရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပို့ကုန်အခြေပြုစီးပွားရေးကို ပြန်လည်အသက်သွင်းနိုင်ခဲ့ခြင်းနဲ့အတူ ၁၉၈၇ ခုနှစ်မှ ၁၉၉၇ အထိ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်တဲ့စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှ ၁၉၉၇ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားခဲ့ပေမယ့် တစ်ဦးချင်းပျှမ်းမျှဝင်ငွေဟာ ၂၀၁၅ ခုနှစ်မှာ ၉၇၆၆ ဒေါ်လာရှိခဲ့တဲ့အတွက် Upper Middle Income Country လိုဆိုရမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံတကာကော်ပိုရေးရှင်းတွေနဲ့နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေရဲ့အခန်းကဏ္ဍက အလွန်အရေးပါခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ တည်ငြိမ်တဲ့ မက်ခရိုစီးပွားရေးကြောင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ကာ ၁၉၇၀ ၁၉၈၀ ကာလတွေမှာ အများအပြားလာရောက် ရင်းနှီးမြှပ်နှံခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ပထဝီအနေအထားအရ အချက်အချာကျမှု ဥပမာ မလကာရေလက်ကြားနဲ့ နီးစပ်မှု စတာတွေက စီးပွားရေးဖွံ့ဖြိုးဖို့အထောက်အကူဖြစ်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီမှာ ဆက်စပ်လို့ပြောချင်တာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ချုပ်နှောင်တဲ့ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်မှု ကို အဆုံးအဖြတ်ပေးတဲ့ (Growth Determinant) အကြောင်းအချက်တွေပါပဲ။ ဘယ်ဟာမှ အမြဲတမ်းအမှန် အမြဲတမ်းအမှား ဆိုတာမရှိတဲ့အတွက် အခုအချက်တွေဟာ ယေဘုယျအခြေအနေဆိုတာကိုလဲပြောချင်ပါတယ်။ အခြေခံအကြောင်း အချက်တွေ (Proximate Determinant) နဲ့ တွန်းအားပေးတဲ့အခြေအနေအချက်အလက်တွေ (Deep Determinant) ဆိုပြီး လေ့လာလို့ရတယ်၊ သဘာဝအရင်းအမြစ်ပေါများမှု၊ လူ့စွမ်းအားအရင်းအမြစ် (သို့) လုပ်အား နှင့်အရင်းအနှီး စတာတွေက အခြေခံအကြောင်းအချက်တွေဖြစ်ပေမယ့် ပထဝီအနေအထား၊ နိုင်ငံရေးအခြေအနေနဲ့ ကုန်ထုတ်လုပ်ရေး ကုန်သွယ်ရေးစသည့်မူဝါဒတွေကတော့တွန်းအားပေးတဲ့အချက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပြန်ဆက်ရရင် မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖို့ရှိရမယ့် အခြေခံအကြောင်းအချက်တွေသာမက တွန်းအားပေးတဲ့အခြေအနေ တွေရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။အခြေခံအချက်အလက်တွေက များသေားအားဖြင့်နိုင်ငံတွေမှာ တူညီကြတာ ကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်ဒုတိယဖြစ်တဲ့ တွန်းအားပေးတဲ့အခြေအနေပေါ်မူတည်ပြီး အများအား ဖွံ့ဖြိုးရေးတွေဖြစ်တယ် လို့လဲဆိုနိုင်ပါတယ်။
မလေးရှားဥပမာကို ကြည့်ရင် ပထမအချက် ပထဝီအနေအထားအရအားသာချက်တွေရှိခဲ့တယ်။ ဒါ့အပြင် အခြားတွန်းအား တစ်ခုဖြစ်တဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို ကာလဒေသ အလိုက်ကျင့်သုံးနိုင်ခဲ့ခြင်းဟာလဲ မလေးရှားနိုင်ငံကို အလတ်အလတ် ဝင်ငွေရှိနိုင်ငံအဖြစ် စာရင်းဝင်စေခဲ့တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်များမှာကျင့်သုံးခဲ့တဲ့ သွင်းကုန်အစားထိုးစက်မှုစီးပွားရေးမူဝါဒကြောင့် အလုပ်လက်မဲ့ပြဿနာကိုလျော့ပါးစေခဲ့တဲ့အပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများအပြားကိုလဲ ဆွဲဆောင်နိုင်ခဲပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်ခဲ့ပါတယ်။ အလားတူ ၁၉၇၀ နဲ ၈၀ နှစ်တွေမှာ ပို့ကုန်အလေးပေးစက်မှုစီးပွားရေးမူဝါဒကို ကြင့်သုံးခဲ့ပြီး စီးပွားရေးစုဖွဲ့မှုပုံစံ မျိုးစုံမှု (လုပ်ငန်းတစ်ခုတည်းပေါ်မှာ အခြေပြုတာ မဟုတ်ဘဲ အများအပြားအပေါ်မှာအခြေပြုခြင်းကိုဆိုလို) ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီနောက်မှာ ဒုတိယအကြိမ် သွင်းကုန်အစားထိုးစက်မှုစီးပွားရေးကို ၁၉၈၀ အစောပိုင်းကာလတွေမှာပြန်လည်ကျင့်သုံးခဲ့ပြီး အကြီးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေခဲ့ကာ၊ ဒုတိယကာလ ပို့ကုန်အလေးပေးမူဝါဒများကြောင့်လဲ တိုင်းပြည်တွင်း အခြေခံအဆောက်အအုံများဖွံ့ဖြိုးစေခဲ့ပြီး တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေခဲ့ပါသည်။ တဆက်တည်းမှာပဲ ဝင်ငွေတိုးတက်ရရှိခဲ့ပြီး အလယ်အလတ်ဝင်ငွေရှိနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
Middle Income Trap ဆိုတာဘာလဲ
နိုင်ငံတစ်နိုင်ငံအနေနဲ စီးပွားရေးဖွံ့ဖြိုးမှုမှာ အမြင့်ဆုံးအခြေအနေကိုကြာရှည်ထိန်းသိမ်းနိုင်ဖို့ဆိုတာမလွယ်ကူလှပါဘူး။ နိုင်ငံအချို့မှာ အစောပိုင်းဖွံ့ဖြိုးမှုများရရှိခဲ့ပြီးနောက် ဖွံ့ဖြိုးမှုတန့်သွားတဲ့အခြေအနေ (သို့) ကျဆင်းသွားတဲ့အခြေအနေများ ကြုံတွေ့ရပြီး အဆိုပါ နှေးကွေးတဲ့ဖွံ့ဖြိုးမှုမှာ ပတ်မိနေတတ်ပြီး၊ ကာလကြာလာသော်လည်း ဝင်ငွေတိုးတဲ့ခြင်းမရှိဘဲ တိုင်ပတ်နေတဲ့အခြေအနေတွေရှိတတ်ပါတယ်။ အဲတာကို အလယ်အလတ်ဝင်ငွေထောင်ချောက် (Middle Income Trap) လို့ဆိုပါတယ်။ တနည်းဆိုရသော် နိုင်ငံတချို့အနေဖြင့် ဝင်ငွေနဲနိုင်ငံအဆင့်မှ ဝင်ငွေအလယ်အလတ်အဆင့်သို့ တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း ဝင်ငွေမြင့်နိုင်ငံအဖြစ်ကို တိုးတက်မရောက်နိုင်သေးပဲ အလယ်အလတ် ဝင်ငွေနဲ့ နှစ်ပေါင်းများစွာ ထောင်ချောက်မိနေသကဲသို့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုဖြစ်သည် ၁၀၁ နိုင်ငံဟာ ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အလယ်အလတ်ဝင်ငွေရနိုင်ငံများအဖြစ်ရပ်တည်ခဲ့သော်လည်း အများစုမှာ ၂၀၀၈ ခုနှစ်အထိ အဆိုပါဝင်ငွေအဆင့်တွင်သာရှိပြီး၊ ၁၃ နိုင်ငံခန့်သာ ဝင်ငွေမြင့်နိုင်ငံအဖြစ်သို့တက်လှမ်း နိုင်ခဲ့ပါတယ်။ (ပုံ-၁)

ပုံ-၁ အလယ်အလတ်ဝင်ငွေထောင်ချောက်တွင်တည်ရှိနေသောနိုင်ငံများနှင့် ဝင်ငွေမြင့်နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသူများ (Source: World Bank and Development Research Center of the State Council 2013)
ဥပမာအားဖြင့် ပုံမှာပြထားတဲ့အတိုင်း ဂျပန်နှင့်ကိုရီးယား နိုင်ငံတို့မှ လွဲရင် ကျန်နိုင်ငံများအနေဖြင့် အလယ်အလတ်ဝင်ငွေရ နိုင်ငံအဖြစ်ကို ၁၉၆၀ ခုနှစ်လောက်ကတည်းကတက်လှမ်းနိုင်ခဲ့သော်လည်း နှစ်ပေါင်း ၄၀ ကျော်ကကြာသည့်တိုင် ဝင်ငွေမြင့်နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိသေးတဲ့အခြေအနေဖြစ်ပါတယ်။ (ပုံ-၂)

ပုံ-၂ နိုင်ငံအချို့၏ ၁၉၆၀ ပြည့်လွန်နှစ်များမှယခုအချိန်အထိ တစ်ဦးချင်းထုတ်ကုန်တန်ဘိုးပြောင်းလဲမှုအခြေအနေ (Source: World Bank and Development Research Center of the State Council, People’s Republic of China 2013)
ဘာ့ကြောင့် Middle Income Trap မှာ ပိတ်မိကြတာလဲ
မလေးရှားနိုင်ငံအနေနဲ နည်းပညာအသစ်ဖေါ်ဆောင်နိုင်ခြင်းနဲ့ နည်းပညာရရှိဖို့အတွက် နိုင်ငံတကာကော်ပိုရေးရှင်း တွေ အပေါ်အလွန်အမင်းမှီခိုမှုတို့ကြောင့် အလယ်အလတ်ဝင်ငွေထောင်ခြောက်က မထွက်နိုင်တာလို့ ပညာရှင်အများစုက ထောက်ပြကြပါတယ်။ ဒီနေရာမှာ မလေးရှားနိုင်ငံနဲ့ ခောတ်ပြိုင်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယား၊ တိုင်ဝမ်စသည့်နိုင်ငံများက နည်းပညာအသစ်တီထွင်နိုင်မှုတွေနဲ့ ဈေးကွက်အသစ်ရှာဖွေနိုင်မှုတွေနဲ့အတူ အဆိုပါထောင်ခြောက်မှလွတ်မြောက်ခဲ့ပြီး ဝင်ငွေမြင့်နိုင်ငံများအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ တဆင့်ပို့မြင့်တဲ့ ဝင်ငွေမြင့်နိုင်ငံအဖြစ် တက်လှမ်းနိုင်ရေးအတွက်မူ လုံလောက်တဲ့ အားတွေမရခဲ့ဘူးလို့ဆိုနိုင်ပြီး အထူးသဖြင့် နိုင်ငံတကာ ကော်ပိုရေးရှင်း အပေါ်မှာ ပဲမှီခိုနေရတဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ အကန့်အသတ်တွေများခဲ့လို့လို့ ဆိုပါတယ်။ တနည်းဆိုရရင် ဆူလွယ်နပ်လွယ်စီးပွားရေးအခွင့်အလမ်း များ (Low Hanging ) ကုန်ဆုံးတဲ့အခါမှာ ပိုမိုမြင့်မားတဲ့စီးပွားရေး အခွင့်အလမ်းတွေရဖို့ဦးဆောင်မှုမလုပ်နိုင်တဲ့အခါ နောက်ကျ ကျန်ခဲ့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ အဆိုပါ ကော်ပိုရေးရှင်း အများစုဟာ အစောပိုင်းဖွံ့ဖြိုးရေးအတွက် နည်းပညာရရှိဖို့ အကူအညီရခဲ့တယ်ဆိုပေမယ့် ဆူလွယ် နပ်လွယ်လုပ်ငန်းများအတွက်သာ နည်းပညာဖြန့်ဝေခြင်းများ ကိုပြုလုပ်ပြီး၊ အဆင့်မြင့်နည်းပညာတွေအတွက် သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ (Research & Development) က စရိတ်စားခကြီးမားတဲ့အတွက် ရင်းနှီးမြှပ်နှံ လိုခြင်းမရှိကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တဘက်မှာလည်း နိုင်ငံတွင်းအဖွဲ့တွေက လည်းနည်းပညာအသစ် ရရှိရေးအတွက် အားကိုးလို့မရခဲ့လို့လို့ ဆိုပါတယ်။
ကိုရီးယားသင်ခန်းစာ
ကိုရီးယားနိုင်ငံဟာ အလယ်အလတ်ဝင်ငွေထောင်ခြောက် မှလွတ်မြောက်ခဲ့တဲ့ ၁၃ နိုင်ငံထဲမှာအပါအဝင်ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ သင်ခန်းစားကိုလေ့လာရင် အာဏာခွဲဝေကျင့်သုံးခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ တစ်ဦးချင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှသုတေသနဖွံ့ဖြိုးမှုနှင့်အတူထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်း၊ အမျိုးအမည်အများအပြား ထုတ်လုပ်ခြင်းမှ အလားအလာရှိထုတ်ကုန်များကိုအထူးပြုထုတ်လုပ်ခြင်း စသည့်တို့ကိုတွေ့ရှိနိုင်ပါတယ်။

အလယ်အလတ်ဝင်ငွေထောက်ချောက်တွင်ကျဆင်းလျက်ရှိတဲ့နိုင်ငံများနှင့် ထောင်ချောက်မှလွတ်ကင်းခဲ့သူများ (Source: Kharas, H & Kohli, H 2011)
အာဏာခွဲဝေကျင့်သုံးခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Power Sharing & Decentralization)-ဝင်ငွေ တိုးတက် ရရှိလာသည်နှင့်အမျှ စီးပွားရေးပုံစံတွေ စနစ်တွေ ပိုရှုပ်ထွေးလာမှာဖြစ်ပါတယ်၊ တချို့ကိစ္စရပ်တွေက ဒေသ အဆင့်မှာပဲ အခွင့်အရေးပေါ်လာပြီး ဆုံးဖြတ်ချက် မြန်မြန်ချဖို့လိုအပ်တာတွေရှိလာတဲ့အတွက် ဗဟိုချုပ်ကိုင်တဲ့အုပ်ချုပ်မှုနဲ့ အလုပ်မဖြစ်တော့ဘဲ ထိရောက်တဲ့ အာဏာခွဲဝေ ခြင်းနှင့်ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုပိုမိုအထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်
ထုတ်လုပ်မှုစွမ်းအားနှင့်ဦးဆောင်ရှေ့ရွှက်ပြုနိုင်မှု (Total Factor Productiviey & Innovation)-အလားတူ၊ ဝင်ငွေတိုးမြှင့် ပေးဖို့လိုအပ်လာသည့်နှင့်အမျှ တစ်ဦးချင်း စွမ်းဆောင်ရည်နှင့်ထုတ်လုပ်မှု မြင့်မားလာဖို့လဲလိုအပ်ပါတယ်။ ပုံမှန်အခြေခံ ကျောင်းသင်ခန်းစာတွင်သာမကဘဲ အထက်တန်းအဆင့်မြင့်ပညာရေး စတာတွေပါလိုအပ်မှာဖြစ်ပြီး၊ ထိုမှတဆင့် သုတေသနဖွံ့ဖြိုးရေး (Research & Development) ကိုဖြစ်စေနိုင်ပြီး၊ သုတေသနဖွံ့ဖြိုးမှသာ တီထွင်ဥာဏ်ဆန်းသစ်မှု (Innovation) ကိုအထောက်အကူပြု မှာဖြစ်ပါတယ်။ ဒါမှသာ အချိန်နှင့်အမျှပြောင်းလဲနေတဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေနှင့် ရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်။
အမျိုးအမည်အများအပြားထုတ်လုပ်ခြင်းမှ အလားအလာရှိထုတ်ကုန်များကိုအထူးပြုထုတ်လုပ်ခြင်း (diversification to specialisation)– အမျိုးအမည်အများအပြားထုတ်လုပ်ခြင်းကနေ့ အထူးပြုထုတ်လုပ်ခြင်းကိုပြုလုပ်သင့်တယ် ဆိုတာကိုလဲ လေ့လာခဲ့ပါတယ်။ အများအပြားထုတ်လုပ်ခြင်းက ဈေးကွက်တစ်ခုတည်းအပေါ်မှာမှီခိုနေတာမဟုတ်တဲ့အတွက် ဆုံးရှုံးနိုင်ခြေ နည်းပေမယ့်၊ နည်းပညာဦးဆောင်မှုကိုအထောက်အကူမပေးဟုဆိုပါတယ်။ အထူးပြုထုတ်လုပ်မှသာ ဈေးကွက်ပိုမိုရရှိရေး သုတေသနလုပ်ငန်းများတွင်ရင်းနှီးမြှပ်နှံခြင်း၊ ဈေးကွက်အသစ်ဖေါ်ဆောင်ခြင်းစသည့်များပြုလုပ်ပြီး စီးပွားရေးဦးဆောင်မှုဖြစ်နိုင်မယ်လို့ဆိုပါတယ်။ ဒီနေရာမှာလဲ သုတေသနဖွံ့ဖြိုးမှုနှင့်တီထွင်နိုင်မှုမှာ အဓိကကျတဲ့အခန်း ကဏ္ဍမှာရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ သုသေသနဘက်မှာရင်းနှီးမြှပ်နှံဖို့အားနည်းခဲ့တဲ့အလျောက် ဈေးကွက်ဦးဆောင်မှုပြုဖို့ နည်းပညာအထောက်အပံတွေကိုအထောက်အပံ့ဖြစ်စေတဲ့ သုတေသနတွေမရခဲ့ပါဘူး။ ဒီနေရာမှာလဲ အစောပိုင်းသုတေသန ဖွံ့ဖြိုးဖို့အတွက် အစိုးရတွေကရင်းနှီးမြှပ်နှံဖို့လိုအပ်တယ်ဆိုပေမယ့်၊ နိုင်ငံတကာမှာ ကြီးမားတဲ့တီထွင်မှုတွေဟာ သီးခြားရပ်တည်တဲ့သုတေသနအဖွဲ့တွေနဲ့၊ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှပ်နှံမှုတွေကသာ ရရှိခဲ့တယ်ဆိုတာကိုလဲမမေ့သင့်ပါဘူး။ ဥပမာ ဂျပန်နိုင်ငံအနေနဲ့ တိုယိုတာ၊ ဟွန်ဒါစတဲ့ နိုင်ငံတကာကော်ပိုရေးရှင်းတွေဟာ အော်တိုမိုဘိုင်း (ကား) ဈေးကွက်ကို အတိုင်းအတာတစ်ခုအထိရခဲ့အတွက် လေယာဉ်ဈေးကွက်မှာလဲ ဘိုးရင်းကုမ္ပဏီနဲ့ ယှဉ်နိုင်ရေး သုသေသနတွေအများကြီးလုပ်နေလျက်ရှိပြီး အများစုက အဆိုပါကော်ပိုရေးရှင်းတွေက၎င်းတို့ဖာသာ ကျခံသုံးစွဲနေတယ်ဆိုတာလဲလေ့လာခဲ့ရပါတယ်၊ အဲတာကြောင့် သုတေသနဖွံ့ဖြိုးရေးအတွက် အစိုးရတစ်ခုတည်းက တာဝန်ခံရမှာမဟုတ်ဘဲ ပုဂ္ဂလိကအခန်းကဏ္ဍကလဲ အလွန်အရေးကြီးတယ်ဆိုတာကိုတွေ့ရှိရပါတယ်
နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးရေးအဆက်အဟပ်
ဒါ့အပြင် နိုင်ငံရေးစနစ်က စီးပွားရေးဖွံ့ဖြိုးမှုကို များစွာအကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာကိုလဲလေ့လာခဲ့ရပါတယ်။ အားနည်းတဲ့ဒီမိုကရေစီစနစ်ထက်စာရင် စေတနာရှိတဲ့ (သို့) ပြည်သူ့အကျိုးလိုလားတဲ့အာဏာရှင်စနစ်က ပိုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပိုအထောက်အကူဖြစ်တယ်လို့ဆိုပါတယ်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံက ဒီမိုကရေစီဖြစ်ပေမယ့် အားနည်းတာကြောင့် စီးပွားရေးမှာထင်သလောက်မဖွံ့ဖြိုးဘဲ၊ အာဏာရှင်တပိုင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယာား၊ စင်ကာပူ၊ ထိုင်ဝမ်တို့နောက်မှာ နောက်ကောက်ကျခဲ့တယ်လို့ဆိုပါတယ်။ တဘက်မှာလဲ ကျဉ်းမြောင်းတဲ့ အာဏာရှင်စနစ်ကလဲ အလုပ်မဖြစ်ဘူးဆိုတာ ကမ္ဘောဒီးယားနဲ့ မြောက်ကိုရီးယားကသက်သေထူနေပါတယ်။ အဲတာကြောင့် ကိုယ်စားပြုပြီးလွှမ်းမိုးနိုင်စွမ်းရှိတဲ့ပါတီတွေသာ အာဏာလက်ဝယ်ထားကျင့်သုံးမှု ကသာ ပိုအလုပ်ဖြစ်နိုင်တယ်ဆိုတာကိုလည်း စင်ကာပူနဲ့မလေးရှားစတဲ့နိုင်ငံတွေကို ဥပမာပေးငြင်းဆိုမှုတွေရှိလဲပါတယ်။
ဒါ့ကြောင့် အချို့ပညာရှင်တွေကတော့ အာဏာရှင်နိုင်ငံတွေဟာ အစောပိုင်းဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်ပေမယ့် ဝင်ငွေမြင့်နိုင်ငံဖြစ်ဖို့ဆိုရင် အာဏာရှင်စနစ်ထက် အားကောင်းတဲ့ဒီမိုကရေစီစနစ်မှသာလျင်အလုပ်ဖြစ်နိုင်မယ် လို့ဆိုပါတယ်။ ကားမောင်းတဲ့ဥပမာပေးရရင် တချို့အတက်မှာ ဂီယာကြီးနဲ့မှအဆင်ပြေပေမယ့် အဲဒီဂီယာတစ်ခုတည်း နဲ့တောက်လျောက်သွားလို့မရဘူး အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ဂီယာပြောင်းဖို့လိုပါမယ်။ အဲတာကြောင့် ရေတိုရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေရှိဖို့လိုမှာဖြစ်ပါတယ်။ မည်သို့ဆိုစေ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ရေရှည်ခံဖို့အတွက် ကောင်းမွန်သောအုပ်ချုပ်ရေးရှိဖို့ ဥပမာအားဖြင့် မီဒီယာလွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာ၊ တာဝန်ယူတာဝန်ခံ၊ ထိရောက်ကောင်းမွန်သောအုပ်ချုပ်ရေး စတာတွေ ရှိဖို့လိုအပ်တယ်လို့ဆိုတာကို သိပြီး၊ တိုက်တွန်းအားပေး ရှေ့ဆောင်လမ်းပြနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုကလဲအရေးပါတယ်လိုဆိုတဲ့အတွက် အဆိုပါ နိုင်ငံရေးခေါင်းဆောင်မှုမျိုးရှိဖို့လဲအထူးလိုအပ်မှာဖြစ်ပါတယ်
ကျွန်တော်တို့ကဘယ်နေရာမှာရှိတာလဲ
အချုပ်ဆိုရသော် ကျွန်တော်တို့နိုင်ငံမှာ လူတယောက်ရဲဝင်ငွေဟာ တစ်နှစ်ကို ပျှမ်းမျှ ၁၃၀၀ ဒေါ်လာမျှသာရှိပါတယ် အဲဒီအချိန်မှာ စင်ကာပူနိုင်ငံသားတယောက်ရဲ့ ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၆ သောင်းအထက်မှာရှိပါတယ်။ အဆ ၅၀ လောက် ကွာပါတယ်။
လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးရေးအတွက်အခြေခံအကြောင်းအရာတွေနဲ့ တွန်းအားပေးတဲ့အကြောင်းအရာတွေအားလုံးကိုခြုံငုံစဉ်းစားရင် သဘာဝအရင်းအမြစ်၊ လုပ်အား၊ ပထဝီအနေအထား စတာတွေက စီးပွားရေးဖွံ့ဖြိုးဖို့အထောာက်အကူပြုနိုင်တယ်ဆိုပေမယ့် ကျန်အကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံရေးအခြေအနေ၊ မူဝါဒရေးရာ၊ အရင်းအနှီးစတဲ့ စီးပွားရေးဖွံ့ဖြိုးရေးကိုအဆုံးအဖြတ်ပေးတဲ့အချက်တွေက ကန့်သတ်နေတယ်လို ဆိုနိုင်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာဖိအား၊ မက်ခရိုစီးပွားရေးမတည်ငြိမ်မှု၊ လူမျိုးစုများအကြားပဋိပက္ခ စတာတွေကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကလည်း အားနည်းနေသေးတဲ့အပြင်၊ ပြည်တွင်းလုပ်ငန်းများကအနေဖြင့်လည်း နိုင်ငံတကာကိုထိုးဖောက်နိုင်ဖို့များစွာအလှမ်းဝေး နေသေးတဲ့အနေအထား ဖြစ်ပါတယ်။
တဘက်မှာတော့ ဝင်ငွေအဆင့်တစ်ဆင့်ကနေတစ်ဆင့်ကိုရောက်ဖို့က နှစ် ဆယ်ချီပြီးကြာနိုင်တာဖြစ်ပါတယ်။ ဥပမာ တစ်နှစ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၅% ရှိပြီး အဲဒီနှုန်းကိုထိန်းထားနိုင်ရင် ဒေါ်လာ ၁၀၀၀ ရှိတဲ့ဝင်ငွေကနေ ၁၀၀၀၀ ထိရဖို့ နှစ် ၅၀ လိုအပ်မှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု ဒီထက်များရင် အချိန်တိုနိုင်ပေမယ့် ၁၀% ပုံမှန်တိုးတက်ရရှိဖို့ ဆိုတာတောင် မလွယ်ကူတဲ့အတွက် ၂၅ နှစ် တော့အနည်းဆုံးလိုအပ်မှာဖြစ်ပါတယ်။ တည်ငြိမ်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိမှသာရင် ပုံမှန်ချီတက်ပြီး တစ်ဆတစ်ဆဝင်ငွေအဆင့် မြင့်တက်နိုင်မယ်ဖြစ်ပါတယ်၊ မဟုတ်ရင်ကျွန်တော်တို့အနေနဲလဲ အခြားနိုင်ငံများနည်းတူ အလယ်အလတ်ဝင်ငွေထောက်ချောက် မှာ ပိတ်မိနေမည့်အနေအထားဖြစ်တဲ့အတွက် အထက်မှာဖေါ်ပြခဲ့တဲ့ မလေးရှား ကိုရီးယားစတဲ့နိုင်ငံတွေရဲ့ သင်ခန်းစားကိုယူပြီး ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ အစောပိုင်းဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ရာမှာ မလေးရှားနိုင်ငံရဲ့ စိုက်ပျိုးရေးအခြေပြုစီးပွားရေးမှ စက်မှုအခြေပြုစီးပွားရေး ဖော်ဆောင်ခဲ့တဲ့အစီအမံတွေကို (ဥပမာ စီးပွားရေးပုံစံပြောင်းလဲမှု Structural Change) လေ့လာသင့်ပြီး၊ ကိုရီးယားနိုင်ငံရဲ့ သင်ခန်းစာတွေယူကာ ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ထိရောက်တဲ့အုပ်ချုပ်မှုစနစ်ဖော်ဆောင်ခြင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်း၊ နောက်ပြီးသုတေသန ဖွံ့ဖြိုးရေးအတွက် အစိုးရသာမကပုဂ္ဂလိက ကဏ္ဍမှအားပေးအားမြှောက်ပြုရေးအတွက် အခြေအနေကောင်းများ ဖန်တီးနိုင်မှသာ ကျွန်တော်တို့နိုင်ငံအနေဖြင့် ရင်လောက်တင်ထားတဲ့ စင်ကာပူကိုကျော်ရေးမဖြစ်နိုင်လျင်တောင်၊ “ဒူးလောက်ကျမည်ဖြစ်ပြီး” အိမ်နီးချင်းနိုင်ငံများနောက် အမှီလိုက်နိုင်မှာဖြစ်ပါတယ်။
References
Aghion, P & Howitt, P 1992, ‘A model of growth through creative destruction’, Econometrica, vol. 60, no. 2, pp. 323-351.
Baffoe-Bonnie, J. & Khayum, M.F. 2003, Contemporary economic issues in developing countries, Greenwood Publishing, London.
Bulman, D, Eden, M & Nguyen, H 2014, ‘Transitioning from low-income growth to high-income growth: is there a middle income trap?’, Policy Research Working Paper No. 7104, World Bank, viewed 4 August 2016, <http://papers.ssrn.com/sol3/papers.cfm?abstract_id=2523712>.
Cherif, R & Hasanov, F 2015, The leap of the tiger: how Malaysia can escape the middle-income trap, International Monetary Fund. viewed 26 July 2016, <https://books.google.com/books?hl=en&lr=&id=kccfCgAAQBAJ&oi=fnd&pg=PP1& dq=%221.+GDP+per+capita+relative+to+the+US+(2005+PPP+%24),+1970+vs.+2010 %22+%229.+US+Patents+Granted,+1977- 2013%22+%22increased+the+standard+of+living.+Human+development+indicators%2 2+&ots=t-RTVJcz-e&sig=9xeRxsmmnSrm__cmYjfIwXcX_pM>.
Easterly, W 2006, ‘Reliving the 1950s: the big push, poverty traps, and takeoffs in economic development’, Journal of Economic Growth, vol. 11, no. 4, pp. 289–318.
Flaaen, A, Ghani, E & Mishra, S 2013, How to avoid middle-income traps? Evidence from Malaysia, World Bank, viewed 4 August 2016, <https://openknowledge-worldbank- org.virtual.anu.edu.au/bitstream/handle/10986/22602/786510BRI0EP12000Box377349 B00PUBLIC0.pdf?sequence=1&isAllowed=y>.
GES, see Global Economic Symposium
Global Economic Symposium 2014, ‘Proposal – escaping the middle income trap’, Finding Solutions. Together, Global Economic Symposium, viewed 5 August 2016, <http://www.global-economic-symposium.org/knowledgebase/escaping-the-middle- income-trap/proposals/escaping-the-middle-income-trap>.
Howes, S 2016, ‘Growth – importance, patterns, determinants’, Lecture slides, CRWF8000, Semester 2 2016, ANU, Canberra.
Kharas, H & Kohli, H 2011, What is the middle income trap, why do countries fall into it, and how can it be avoided? Global Journal of Emerging Market Economies 3(3)
Lin, J & Chang, H-J 2009, ‘Should industrial policy in developing countries conform to comparative advantage or defy it? A debate between Justin Lin and Ha-Joon Chang’, Development policy review, vol. 27, no. 5, pp. 483–502.
—— & Treichel, V 2012, ‘Learning from China’s rise to escape the middle-income trap: a new structural economics approach to Latin America’, World Bank Policy Research Working Paper, no. 6165. viewed 12 August 2016, <http://papers.ssrn.com/sol3/papers.cfm?abstract_id=2128001>.
Lopez, G 2016, ‘Malaysia: achievements and aspirations’, Class Discussion Paper, CRWF8000, Semester 2 2016, ANU, Canberra.
Lucas, RE 1993, ‘Making a Miracle’, Econometrica, vol. 61, no. 2, pp. 251-272. OECD, see Organization for Economic Co-operation and Development
Organization for Economic Co-operation and Development 2013, Innovation-driven growth in regions: the role of smart specialization, OECD, viewed 4 August 2016, <https://www.oecd.org/innovation/inno/smart-specialisation.pdf>.
Randhawa, DS 2011, ‘Banking and capital market reforms in Malaysia’, ASEAN Eeconomic Bulletin, vol. 28, no. 3, pp. 388-413.
Salleh, HM 2010, ‘1Malaysia-concept and values’, URL (last checked: 25 Dec 2013) http://www. kettha. gov. my/sites/default/files/uploads/1Malaysia. viewed 12 August 2016, <http://kettha.gov.my/kettha/portal/document/files/Pdf%20Innovasi%20Kettha/1Malays ia%20-%20Concept%20and%20V alues.pdf>.
Schuman, M 2009, ‘How to defeat pirates: success in the Strait’, Time, viewed 3 August 2016, <http://content.time.com/time/world/article/0,8599,1893032,00.html>.
Sivalingam, G 2012, ‘Malaysia’s economic growth moderates’, Southeast Asian Affairs, vol. 2012, no. 1, pp. 185–200.
Thanoon, MA-M, Baharumshah, AZ & Rahman, AAA 2005, ‘Malaysia: from economic recovery to sustained economic growth’, Journal of Post Keynesian Economics, vol. 28, no. 2, pp. 295–315.
World Bank 2016, ‘GDP per capita (current US$)’, World Bank Indicator Database, World Bank, viewed 2 August 2016, <http://data.worldbank.org/indicator/NY.GDP.PCAP.CD?locations=MY>.
Ramo, JC 2005, The Beijing consensus, Foreign Policy Centre, Elizabeth House, London.
Rodrik, D 2003, ‘Institutions, integration, and geography: in search of the deep determinants of economic growth’, In Search of Prosperity: Analytic Country Studies on Growth, Princeton University Press, Princeton, NJ, viewed 14 August 2016, <http://projects.iq.harvard.edu/files/wcfia/files/530_rodrik6.pdf>.
Williamson, J 2012, ‘Is the “Beijing Consensus” now dominant?’, Asia Policy, vol. 13, no. 1, pp. 1–16.
World Bank and Development Research Center of the State Council 2013, China 2030: building a modern, harmonious and creative society.
You, J-S 2005, ‘Embedded Autonomy or Crony Capitalism?: explaining corruption in South Korea, relative to Taiwan and the Philippines, focusing on the role of land reform and industrial policy’, in delivery at the Annual Meeting of the American Political Science Association, Washington, DC, September, Citeseer, pp. 1–47, viewed 12 August 2016, <http://citeseerx.ist.psu.edu/viewdoc/download?doi=10.1.1.464.8265&rep=rep1&type= pdf>.
Zeng, J & Zhang, J 2007, ‘Subsidies in an R&D growth model with elastic labor’, Journal of Economic Dynamics and Control, vol. 31, no. 3, pp. 861–886.
0 Comments