လိုအပ်တာလား။ လိုချင်တာလား (ဦးဝင်းမျိုးသူ) မတ်လ၁၅-၂ဝ၁၉

လိုအပ်တာက need ပေါ့၊ လိုချင်တာက want ပါ။ ငွေကြေးမပြည့်မစုံဖြစ်နေတဲ့အခါ ရှိတဲ့ငွေလေးကို ကလေး ပညာရေးသုံးတာ လိုအပ်ချက်ကို ဖြည့်ဆည်းတာပါ။ သို့သော် တီဗီဝယ်မယ်ဆိုရင်တော့ လိုအပ်တာထက် လိုချင်တာကို လုပ်တာလို့ဆိုလို့ရသွားပါပြီ။ ကျွန်တော်ရန်ကုန်မွေး ရန်ကုန်မှာကြီးပါတယ်။ မြန်မာပြည်တနံတလျား အလုပ်သဘောအရ သွားလာနေထိုင်ခဲ့ဖူးသော်လည်း ရန်ကုန်သားမို့ ရန်ကုန်မြို့တိုးတက်ရေးကို အလိုရှိပါတယ်။ ခေတ်မီ တိုးတက်တဲ့ မြို့ပြရန်ကုန်ကို မြင်ချင်သလား၊ နေချင်စဘွယ်ကောင်းတဲ့ မြို့ပြဝန်းကျင် ကို လိုချင်သလား ဆိုရင်တော့ နှစ်ခုစလုံးပါပဲ။ သို့သော် တစ်ခုတည်းကိုပဲ ရွေးရမယ်ဆိုရင်တော့ ခေတ်မှီမြို့ပြတိုက်တာ အဆောက်အဦး အခမ်းအနားအဆောင်အယောင်တွေမရှိတောင်မှ မြို့ပြနေထိုင်သူတွေအားလုံးအတွက် နေချင့်စဘွယ် စိမ်းလန်းလုံခြုံ တဲ့ ရပ်ဝန်းတခု ရဘို့အရေးကို ဦးတိုက်ချင်ပါတယ်။
ဒီအတွက်တော့ မဖြစ်မနေအလေးထားလုပ်ရမယ့် လုပ်ငန်း ဆောင်တာ လေးမျိုးကို စိတ်ထဲတွေးမိပါတယ်။

Photo credit: Tokyo Bay Wallpaper Architecture

(၁) Building code
လောဘတွေကြားမှာ မြို့ဟာမွန်းကြပ်လွန်းလှပါတယ်။ ငယ်တုံး က ကျင်လည်ခဲ့တဲ့ စမ်းချောင်း လို ရပ်ကွက်မျိုးဟာ ကန်ထရိုက်တိုက်တွေ ပြွတ်သိတ်ညပ်လို့ ဘုရားတနေရတဲ့ အနေအထားဖြစ်သွားပါပြီ။ ဘေးတခုခုများကျလို့ကတော့ မတွေးရဲစရာပါဘဲ။ ဒီလို မွန်းကြပ်မှုတွေနဲ့ အန္တရာယ်များလှတဲ့ဝန်းကျင်မဖြစ်အောင် Building Code အဆောက်အဦး ဆောက်လုပ်ရေးဆိုင်ရာ ပြဌာန်းသတ်မှတ်ချက်တွေ တိတိကျကျ ပြဌာန်းလို့တသွေမတိမ်း လိုက်နာဆောင်ရွက် သင့်ပါတယ်။
(၂) Sub Center
ပြောင်းလဲလာတဲ့ရာသီဥတုအောက်မှာ မြို့ပြနေ သူတဦးဟာ သူဘဝရှင်သန်နေထိုင်ရပ်တည်ရေးအတွက် လိုအပ်တဲ့ပြည်သူ့ဝန်ဆောင်မှု အပေါင်းကို နေထိုင်ရာ ၂ မိုင်ပတ်လည်အတွင်းမှာ ရရှိနိုင်အောင် ဆောင်ရွက် နိုင်ရေးဟာ အရေးကြီးပါတယ်။ ဈေး၊ ကျောင်း၊ ဆေးရုံ ၊ စာတိုက် တို့သာမက အလုပ်အကိုင် ရရှိရေး၊ အပန်းဖြေ အနားယူ နိုင်ရေးတွေပါ အတတ်နိုင်ဆုံး အလှမ်းမီ ရရှိနိုင်အောင်ဆောင်ရွက်ပေးရေးကို ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ်။ ပုံမှန်ဆောင်ရွက်စရာ ရှိသမျှ ရုံး ကိစ္စတွေကိုလည်း ဒီအဝန်းအဝိုင်းထဲမှာပဲ ဆောင်ရွက်နိုင်ရပါမယ်။ မလိုအပ်ပဲ မြို့ကို တောင်မြောက်ကူး မနေရအောင် လုပ်နိုင်ပါမှ ယာဉ်ကျောပိတ်ဆို့တာ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာ တို့သာမက အချိန်ကုန်လူပမ်း မှုမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
(၃) Open space
ရပ်ကွက်တိုင်းမှာ အများဆိုင် နေရာ ကွက်လပ်တွေရှိရေးဟာ အရေးပါပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေ စုဝေးတွေ့ဆုံ နိုင်ရုံသာမက အရေးအကြောင်း သဘာဝဘေး၊ မီးဘေး ကျခဲ့မယ်ဆိုရင် ဒီ open space တွေက အသုံးဝင်ပါလိမ့်မယ်။ ဒီနေရာတွေကို စိတ်ကူးရှိရင်ရှိသလို အသုံးချနိုင်ရင် ကလေး ကစားကွင်းတွေဖြစ်နိုင်တယ်၊ လူအများ ကျမ္မာရေး နဲ့ အားကစား လှုပ်ရှားမှု လုပ်နိုင်တယ်၊ ပန်းခြံတွေဖြစ်နိုင်တယ်။ မွန်းကြပ်မှုတွေ ဖြေလျှော့ နိုင်တယ်။ open space ရှိတဲ့ ရပ်ကွက် က အိမ်ဈေး မြေဈေး တည်ငြိမ်ကောင်းမွန်စေနိုင်ပါတယ်။ အဆောက်ဦး တိုက်တာတွေ အလင်းရောင်ပိုရစေရင် လေအေးစက်သုံးရတာ၊ မီးအမြဲတန်းထွန်းနေရတာတွေက သက်သာ စေပါမယ်။ နေရာအနေအထားလိုက်လို့ ကားရပ်နားကွင်းတွေဖန်တီးနိုင်မယ်၊ လမ်းဘေးဈေးသည်တွေအတွက် ညဈေး ဖန်တီးပေးနိုင်မယ်ဆိုရင် ကောင်းမှကောင်းလို့ပြောရမှာဖြစ်ပါတယ်။

Photo credit: Talad Neon night market in Bangkok, Thailand – photo by Chris Wotton

(၄) Empowering neighbourhood group

ရပ်ကွက်၊ ကျေးရွာထဲက  ကိုယ်ထူကိုယ်ထအဖွဲ့တွေ စည်ပင်သာယာလုပ်ငန်းတွေကို  ကိုယ်ထူကိုယ်ထလုပ်နိုင်ရေးဟာ အရေးကြီး ပါတယ်။ အစိုးရကလည်းပိုက်ဆံမရှိ၊ အခွန်တွေတိုးကောက်ပြီး ပြည်သူ့ဝန်ဆောင်မှုတွေ ကောင်းကောင်း မပေးနိုင်ခင် စပ်ကြားမှာ ရပ်ကွက်တွင်းက ကိုယ်ထူကိုယ်ထ အဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ သူတို့ကို တရားဝင် ဖွဲ့စည်းလုပ်ကိုင်နိုင်ခွင့်ပေးနိုင်အောင်စည်ပင်သာယာဥပဒေများက  အထောက်အပံ့ ဖြစ်ရပါမယ်။  ဒီအဖွဲ့တွေဟာ စုဝေး တိုင်ပင်ပြီး ရပ်ကွက်အတွင်း လစဉ်ကြေးတွေသတ်မှတ်ပြီး၊  တရားဝင် ကောက်ခံနိုင်တယ်။ ရတဲ့ငွေနဲ့ လမ်းသန့်ရှင်းရေး၊ ရေမြောင်းသန့်ရှင်းရေး၊ အမှိုက်စနစ်တကျ စွန့်ပစ်သိမ်းဆည်ရေးတွေ လုပ်နိုင်တယ်။  ရပ်ကွက်ပျော်ပွဲရွှင်ပွဲတွေလုပ်နိုင်တယ်။ အရေးကြီးဆုံးက ရပ်ကွက်တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်တာတို့၊ အလွဲသုံးတာတို့၊  လောင်းကစားတို့၊  မှုခင်းကျဆင်းရေးတို့၊  မီးဘေးကြိုတင် ကာကွယ်ရေးတို့ လုပ်နိုင်မယ်ဆိုရင် နဲနဲနဲ့ ကျဲကျဲဝိုင်းနိုင်ပါလိမ့်မယ်။ ကျွမ်းကျင်ရင်လိမ္မာဆိုသလို ရပ်ကွက်တွင်း ကားပိတ်ဆို့မှုမရှိအောင်၊ အားကစားကွင်းတွေရှိအောင်၊ လမ်းဘေးဈေးသည်တွေ ထိန်းကျောင်းတာတွေ လုပ်နိုင်ရင်ကောင်းပါတယ်။ ဒီအတွက် မြို့တော်စည်ပင်က matching fund ထောင်ထားပြီး ရပ်ကျေး ကိုယ်ထူကိုယ်ထအဖွဲ့တွေက တင်ပြတဲ့ စီမံချက်နဲ့ စုဆောင်းရရှိငွေအပေါ်မူတည်ပြီး၊ ငွေအား နည်းပညာအား ပံပိုးပေးရင် ရပ်ကွက်အလိုက် အများအလိုရှိရာ လိုအပ်ချက်လေးတွေကို ပိုဖြည့်ဆည်းလာနိုင်မဲ့သဘောရှိပါတယ်။ စဉ်းစားကြည့်ဖို့နဲ့ ဆွေးနွေးကြဖို့ပါ။ဘယ်စည်ပင်သာယာ ရွေးကောက်ခံတွေက ဒါတွေကို ဘယ်လိုနည်းနဲ့ လုပ်ပေးမလဲ။ Debate လုပ်ပြီး မေးချင်တယ်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *