According to Scientific data, the Water and Air pollution in the last four year has not decreased, but more

scientific data တွေအရ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရေ၊လေ ညစ်ညမ်းမှုဟာ လျော့ကျသွားမှု မရှိပဲ ပိုလို့သာ ညစ်ညမ်းလာ

ပထမအချက်က environmental dilemma ပတ်ဝန်းကျင်ရေးရာ ဆုတ်လဲစူး စားလဲရူး အခြေအနေပါ။
၂၀၁၂ မှာ အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ကို ပြဌာန်းပါတယ်။ အဲ့ ဒီတုန်းက မိတ်ဆွေကြီ: စွမ်းအင်က DG ဟောင်း ဦးသိန်းလွင်က ပြည်သူ့လွှတ်တော် ပတ်ဝန်းကျင်ရေးရာ ကော်မတီ အတွင်းရေးမှုး မို့ ဥပဒေကြမ်း လွှတ်တော်ရောက်စဉ်မှာ လာရောက်ဆွေးနွေးပါတယ်။ အဲ့တုန်း ကမှတ်မိသလောက် အာဆီယံနိုင်ငံတွေရဲ့ ပတ်ဝန်းကျင်ဥပဒေတွေကို နှိုင်းယှဉ်ပြီး ဘာအချက်တွေ ထည့်စဉ်းစားသင့်တယ်လို့ ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ ဦးသိန်းလွင်က ဆရာဝင်းရယ် လက်ရှိအနေနဲ့ လွှတ်တော်က ပြုပြင်ပြောင်းလဲရေး စကာစမို့ အရမ်းက်ု တင်းကျပ်တဲ့ ဥပဒေပြဌာန်းတာထက် trial law ပျော့ပြောင်းတဲ့ ဥပဒေ ကို စမ်းသပ် ပြဌာန်းပြီး နောက်မှ ပိုကောင်းမွန်တဲ့ ဥပဒေနဲ့ အစားထိုးကြတာပေါ့လို့ ပြန်ပြောတာ အမှတ်ရမိပါတယ်။
လက်ရှိပတ်ဝန်းကျင်ဥပဒေက ဟာကွက်လိုအပ်ချက်တွေရှိတဲ့အပြင် ပြည်တွင်းမှာ Good governance ကောင်းမွန်တဲ့ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိတာကြောင့် မည်ကာမတ်တတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမည်ခံပေါ်ပေါက်လာကာ ဘယ်မှ မရောက်မှာ ကို အတော်စိုးရိမ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရ တက်လာတဲ့အခါ Oxford University ကပတ်ဝန်းကျင် ကိစ္စ ဖိတ်ကြားတဲ့ အတွက် ၂၀၁၆ မှာ တခေါက်ရောက်ရ ပြန်ပါသေးတယ်။ အဲ့ဒီ့တုန်းက သစ်တော က ညွှန်ချုပ် Dr. ညီညီကျော်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ညွှန်ချုပ် ကိုလှမောင်သိန်းတို့လည်း အစည်းအဝေးတက်တာမို့ Oxford က Professor တွေ အပါအဝင် Environmental governance ကိစ္စတွေ policy ကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်။ ဦးလှမောင်သိန်းကတော့ ဌာန ကဆောင်ရွက်နေတဲ့ ပတ်ဝန်းကျင်ရေးရာဥပဒေတွေ ဖွဲ့စည်းမှုဆိုင်ရာတွေ ဝေဆာအောင် ပြောပါတယ်။ ကျွန်တော်ကတော့ ပတ်ဝန်းကျင် ကိစ္စဟာ multidisciplinary ဘာသာရပ်အစုံပါတာဖြစ်လို့ ဝန်ကြီးဌာနအချင်းချင်း သာမက ပြည်ထောင်စုနဲ့ ပြည်နယ်/တိုင်း အချင်းချင်းအကြား ပူးပေါင်းညှိုနှိုင်းမှု အားကောင်းဖို့ လိုတဲ့ အကြောင်း ပြောဖြစ်ပါတယ်။ ဦးလှမောင်သိန်းက တော့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲ ခြင်းနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကော်မတီကို ထပ်ဆင့်ရှင်းလင်းပါတယ်။ ဒီ ကော်မတီက ဝန်ကြီးက ပဲ Chair လုပ်ပြီး ဒုသမ္မတ (၁) က နာယက အနေနဲ့ ပါတာမို့ အလုပ်မဖြစ်နိုင်တဲ့အကြောင်း ကျွန်တော်က ထောက်ပြပါတယ် ဝန်ကြီးအဆင့် ဥက္ကဌ လုပ်တဲ့ ကော်မတီ ကို ကျန်ဝန်ကြီးဌာနတွေ က ရာထူးချင်း ဘေးတိုက်ဖြစ်နေလို့ ကျန်ဌာနတွေက လိုက်နာ ပူးပေါင်း ဆောင်ရွက်ဖို့ ၊ ဒီလိုဆောင်ရွက်ဖို့ ဖိအားပေးပြီးဆောင်ရွက်ဖို့ ဘယ်လို မှ မဖြစ်နိုင်ကြောင်း ထောက် ပြဖြစ်ပါတယ်။ ဒုသမ္မတ (၁) ကလည်း တပ်မတော်ဖက်က လာတာဖြစ်ပြီး သူ့ရဲ့ မူလ တာဝန်ယူမှုအရ စီးပွားရေးကို သာ အလေးသာ သူဖြစ်နိုင်ပြီး ဒုသမ္မတ ‌တွေရဲ့ role က ၂၀၀၈ ခြေဥ ရဲ့ အကန့်အသတ်ကြောင့်အနေအထားဟာ ceremony ပွဲတက် ကပ်ကျေးညှပ် သာသာ သာဖြစ်ပြီး အလုပ်လုပ်ဖို့ လုံလောက်နဲ့ အာဏာ အပ်နှင်းထားတာမရှိလို့ ဒီကော်မတီ အလုပ်မဖြစ်နိုင်တဲ့ အကြောင်းကို ငြင်းမိပါတယ်။ ကိုညီညီကျော်က တော့ ကျွန်တော်ပြောတာကို ပြုံးင်္ပြီးနားထောင်ပါတယ်။ မှတ်ချက် မပေးပါ။ ပတ်ဝန်းကျင် DG ကြီးကတော့ အဓိက သက်ဆိုင်သူဖြစ်တော့ သူဖက်က အသဲအသန် အလုပ်ဖြစ်ကြောင်း ပြန်ဖြေရှင်းပါတယ်။ ကျွန်တော်တို့လည်း သဘောထား ကွဲလွဲချက်အနေနဲ့သာ မှတ်ထားလိုက်ပြီး ဆက်မဆွေးနွေးဖြစ်ပါ။
လက်ရှိ ၂၀၂၀ ရောက်လို့ လက်ရှိ နိုင်ငံရေးသက်တမ်း ကုန်ဆုံးခါနီးရောက်လာတဲ့အခါ Oxford မှာ ကျွန်တော်ဆွေးနွေးခဲ့တာတွေက ပို မှန်လို့ လာပါတယ်။ ပြဌာန်းထားတဲ့ပတ်ဝန်းကျင် ဥပဒေကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေအတွက် ပတ်ဝန်းကျင်ရေးရာစီမံချက် Environmental management plan EMP ဆွဲဖို့ လိုလာပါတယ်။ ဒါဟာ မြန်မာလုပ်ငန်းရှင်တွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ သူတို့ ကို နည်းပညာအရကော ငွေကြေးအရကော ကူညီပံ့ပိုးမှု မပြုပဲ အတင်း EMP ဆွဲခိုင်းတာဟာ ကျောက်ခဲ ဆီညှစ်ခိုင်းသလိုပါပဲ။ နဂိုတည်းကမှ စီးပွားရေး အခွင့်အလန်းက မကောင်းရတဲ့ အထဲ EMP ဆွဲမှ လုပ်ငန်းလိုင်စင် ရမှာ ဆိုတော့ စျေးပေါပေါနဲ့ EMP ရေးဆွဲတဲ့သူ ငှားပြီး အဖြစ်ရေး တင်ပြကျပါတယ်။ ရေးပေးတဲ့ သူကလည်း သူရတဲ့ ငွေအပေါ်မူတည်ပြီး ရေးပေးတာမို့ အရည်အသွေးက မကောင်းကျပါ။ ပတ်ဝန်းကျင်ဌာန က စီစစ်တဲ့အခါ မအောင်ကျပါ။ ထပ်ခါတလဲ လဲပြင်ပေးရတဲ့အခါ လုပ်ငန်းရှင်နဲ့ EMP ရေးပေးတဲ့ ပညာရှင်အကြား ပြဿနာ တက်ကြပြီး တို့လို့တန့်လန်းတွေ ဖြစ်ကြပါတယ်။ နောက်တယောက်ပြောင်းရေးခိုင်းလဲ နဂို အခြေကမှ မခိုင်တော့ သိပ်မထူးခြားပါ။ ဒီလိုနဲ့ EMP တွေ သက်ဆိုင်ရာဌာန က အတည်ပြုပေးပြီး ခွင့်ပြုချက်ထုတ်မပေးတော့တဲ့ အခါ လုပ်ငန်းရှင်များက လုပ်ငန်းတွေရပ်ကုန်ပြီ၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ပြီ၊ အခွန်မပေး နိုင်တော့ ဘူး အစရှိသဖြင့် အော်ဟစ်ပြီး ပတ်ဝန်းကျင်ကြောင့် စီးပွားရေးကျပြီဆိုပြီး ဒေသဆိုင်ရာ အစိုးရနဲ့ အမတ်များကို ငိုယို တိုင်တန်းတဲ့အခါ Environmental dilemmas ဖြစ်လာပါတော့တယ်။ ဒီအခါ ECD က ဖြေလျှော့ပြီး စီစစ် ခွင့်ပြုချက်ပေးတဲ့အခါ အရည်အသွေး မပြည့်မှီတဲ့ ပတ်ဝန်းကျင်စီမံချက်တွေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းမြဲညစ်ညမ်းနေတော့တာပါပဲ။
အစိုးရရဲ့ လုပ်ထုပ်လုပ်နည်းတွေ ရှင်းလင်းမပြတ်သားမှုကြောင့် နှောင့်နှေးရတာပါသလို ပတ်ဝန်းကျင် ရေးရာ လိုက်နာရမဲ့ အချက်တွေကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို အပြစ်ပေးအရေးယူမှု မရှိတဲ့ အခါ ပတ်ဝန်းကျင် ဥပဒေစိုးမိုးမှု ဟာ ဟာကွက်တွေ အများအပြားဖြစ်စေပါတယ်။ ဒါဟာ ၂၀၁၂ တုံးက မိတ်ဆွေကြီးဦးသိန်းလွင်ကို ထောက်ပြခဲ့တဲ့ အချက်တွေပါ။
ပတ်ဝန်းကျင်ရေးရာ လိုက်နာဆောင်ရွက်ရမဲ့ ဟာတွေကို လိုက်နာ ဖို့ Stick and carrot မုန့်နဲ့ ဒုတ် မရှိတဲ့ အခါ လုပ်ငန်းရှင်တွေက ဒီအခြေအနေကို ဘယ်လို ကစားရမလဲ ဆိုပြီးပါးနပ်လာကြပါတယ်။ နေသာသလို ကြည့်နေပြီး စစ်အာဏာရှင် တုန်းကအတိုင်း စခန်းသွားကြပါတော့တယ်။ ဒီအခါ EIA/ EMP ဆွဲ ရမယ် ဆိုတာ လုပ်ငန်းလိုင်စဉ်ရ
ဖို့ အ့ဖြစ်လုပ်တဲ့ ဗျူယိုကရေစီ ကြိုးနီစနစ်တခု ပိုလာတာသာ ဖြစ်ပြီး နိုင်ငံ ခေါင်းဆောင်တွေ ပြောပြောနေတဲ့ တာဝန်သိ၊ကျင့်ဝတ်ညီ စီးပွားရေး လုပ်ငန်းတွေ မဖြစ်တော့ပဲ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး sustainable development ဟာ ရွှေပြည်တော် မျှော်တိုင်းဝေးပါ။
စမ်းသပ်ဥပဒေ trial law အနေနဲ့ စခဲ့တဲ့ ပတ်ဝန်းကျင်ဥပဒေ ဟာ 8 နှစ်သက်တမ်းရောက်လာပြီမို့ ပြန်လည်သုံးသပ်ပြီး ပိုမိုထိရောက်အောင်ပြင်ဆင်သင့်ပါတယ်။ ပြည်သူတွေအလိုရှိတာ EIA အစီရင်ခံစာမဟုတ်ပါဘူး၊ သန့်ရှင်းတဲ့ ရေ သန့်ရှင်းတဲ့ လေ ကျမ္မာသက်ရှည်ရေးကို အထောက်အကူပြုမဲ့ ပတ်ဝန်းကျင်ပါ။ ပတ်ဝန်းကျင်ထိခိုက်မှု ဆနိးစစ်ခြင်း EIA ဟာ policy tool အနေနဲ့ အသုံးပြုတယ်ဆိုငြားလည်း သူ့ကို လိုက်လုပ်ရတဲ့အတွက် အချိန်ကုန် ငွေပမ်းတာသာဖြစ်ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖြစ်ရေးကို အထောက်အပံ မဖြစ်စေပါ။ scientific data တွေအရ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရေ၊လေ ညစ်ညမ်းမှုဟာ လျော့ကျသွားမှု မရှိပဲ ပိုလို့သာ ညစ်ညမ်းလာတာမို့ လက်ရှိ မူဝါဒ လုပ်ထုပ်လုပ်နည်းတွေ ကို လက်တွေ့ အကောင်အထည် မဖော်ကြတာလား၊ ဖော်သော်လည်းပဲ ထိရောက်မှု မရှိတာလားကို ပွင့်ပွင့်လင်းလင်း ဆန်းစစ်ရမဲ့ အချိန်ရောက်လို့လာပါပြီ။ အနာသိမှ ဆေးရှိမှာ မဟုတ်ပါလားဗျာ။

By Win Myo Thu

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *