Headline Politic (or) Chilean Lesson for Myanmar

မြန်မာပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် အတွက် မကြာခဏ နိုင်ငံရေးသိပ္ပံဆရာများ က ချီလီနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နဲ့ နှိုင်းယှဉ်ပြောကြားလေ့ရှိပါတယ်။

ခုလက်ရှိ ချီလီမှာ အထွေထွေမကျေနပ်မှုတွေအပေါ် နိုင်ငံလုံးသပိတ်တွေ တချိန်းချိန်းမှောက်နေသလို လက်ရှိအစိုးရကလည်း ပြင်းပြင်းထန်ထန် နှိပ်ကွက်နေတာမို့ ၁၉၇၃ ခုနှစ်ပတ်လည် စစ်အာဏာရှင် ပင်နိုးရှေး ခေတ် တပတ်ပြန်လည်သလို ဖြစ်နေပြီး မြို့ပတ်ရထားခ၊ လျှပ်စစ်ဓာတ်အားခ တွေတက်လို့ သပိတ်မှောက်တာကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖက် လမ်းကြောင်းလည့်လာပါတယ်။

တကယ်တော့ ချီလီနိုင်ငံ ဟာ အံအားသင့်ဖွယ် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတခုဖြစ်လာပြီး ကမ္ဘာ့ စက်မှုသူဌေးများနိုင်ငံအဖွဲ့ OECD မှာ တဦးတည်းသော လက်တင်အမေရိက အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး အရ အောင်မြင်နေတဲ့ နိုင်ငံလို့ အသိအမှတ်ပြုခံထားရတာပါ။ ဒီလို အခြေအနေမှာ နိုင်ငံရေး အုံကြွစရာတွေ ရှိနေတာ လူထု နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာဟာ မြုံနေတဲ့ စစ်အာဏာရှင် စရိုက်ဆိုးတွေ ပြန်လည်ထကြွ ဗီဇ ပြလာတာမို့ အပြီးသတ် တိုက်ပွဲ ဆင်နွဲ ဖို့ ကြိုးပမ်းလာကြတာလား လို့ တွေးစရာဖြစ်လာပါတယ်။

ချီလီဟာ စစ်အေးခေတ်ကာလတွေမှာ ကွန်မြူနစ် စနစ်ကို လက်ခံကျင့်သုံးခဲ့တာမို့ ၁၉၇၃ ခုနှစ်မှာ အမေရိကန် CIA ရဲ့ ပံပိုးမှုနဲ့ စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပင်နိုရှေးက စစ်အာဏာသိမ်းခဲ့ပြီး ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထု ကို ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်တာမို့ လူပေါင်း လေးသောင်းကျော် လောက် ထိခိုက်ခံစားခဲ့ရပြီး သုံးထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ မြန်မာပြည် ၈၈ အရေးအခင်းကလည်း လူ ၃၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ မှန်းဆကြတာမို့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှု ခံရပုံခြင်းဟာ နှိုင်းယှဉ်စရာလို ဖြစ်နေပါတယ်။ သို့သော် ပင်နိုရှေးရဲ့ စစ်အစိုးရဟာ အမေရိကန်ကျောထောက်နောက်ခံပြုတာ ဖြစ်ပြီး မြန်မာပြည် စစ်အာဏာသိမ်းမှုဟာ အရင်ဆိုရှယ်လစ်အစိုးရရဲ့ တဖက်လှည့် စီမံခန့်ခွဲ မှု ပဲလို့တော့ ခွဲခြားသုံးသပ်ရမှာဖြစ်ပါတယ်။

ပင်နိုးရှေးဟာ ခြေဥရေးဆွဲရေးကော်မရှင်ကို စိတ်ကြိုက်ဖွဲ့ပြီး အခြေခံဥပဒေကို သူအလိုရှိသလိုရေးပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပအတည်ပြုပြီး ပင်နိုးရှေးဟာ ၁၉၈၀ မှ ၁၉၈၈ အထိ ရှစ်နှစ်သက်တမ်း သမ္မတလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခြေဥရဲ့ အသွင်ကူးပြောင်းရေး လမ်းစဉ်အရ ရှစ်နှစ်သမ္မတ သက်တမ်းအပြီး ပင်နိုးရှေးကို သမ္မတအဖြစ် ဆက်လက်ထောက်ခံ မထောက်ခံ မဲခွဲ ဆုံးဖြတ်ဘို့ လိုလာတာမို့ သူရေးထားတဲ့ခြေဥကပဲသူ့ကို အရိုးနဲ့ ပြန်ထိုးတာခံရပါတယ်။ သမ္မတက ပြုတ်သော်လည်းပဲ ၁၉၉၈ အထိ နောက်ထပ် ၁၀ နှစ်တာ စစ်တပ်အကြီးအကဲအနေနဲ့ ဆက်ပြီး လုပ်နေပါသေးတယ်။ ၁၉၉၈ နောက်ပိုင်းမှာတော့ အခြေခံဖွဲ့စည်းပုံဥပဒေအရပဲ အမြဲတမ်းခန့် အထက်လွှတ်တော် အမတ်အဖြစ်နဲ့ လွှတ်တော်ထဲ ဝင်ထိုင်နေပါသေးတယ်။ ဒီခြေဥကြောင့်ပဲ ပင်နိုရှေး ရဲ့ စစ် အာဏာသိမ်းအဖွဲ့ မှာ ပါဝင်တဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ လွှတ်တော် နိုင်ငံရေးမှာ ရာထူးအမျိုးမျိုးနဲ့ ၂၀၀၆ ခုနှစ်လောက်အထိ ဆက်လက် အသက်ဆက်ခဲ့ပါတယ်။ ၁၉၈၀ ချီလီခြေဥ ဟာ မြန်မာပြည်မှာလိုပဲ ရွေးကောက်ပွဲဝင်စရာမလိုတဲ့ အမတ်တွေ လွှတ်တော်ထဲ ထိုင် ခွင့်ပြုထားသလို နိုင်ငံတော်လုံခြုံရေးကောင်စီ ဖွဲ့စည်းထားပြီး အာဏာ ကိုထိန်းချုပ်နိုင်ခွင့်တွေ စီမံထားရှိတာပါ။

အင်မတန်လည်တဲ့ ပင်နိုးရှေး မျက်စိရှမ်းသွားတာကတော့ ကာကွယ်ရေးဦးစီးချုပ်က အနားယူလို့ အမြဲတန်းအထက် လွှတ်တော်အမတ် လုပ်တဲ့ အခါမှာ လန်ဒန်ကို ကျမ္မာရေး စောင့်ရှောက်မှုခံယူဖို့ သွားတဲ့ခရီးပါ။ အင်္ဂလိပ်အစိုးရ က ပင်နိုရှေးကို လူ့အခွင့်ရေးချိုးမှောက်မှု ကို အကြောင်းပြပြီး လန်ဒန်မှာ ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆိုပါတယ်။ ဒါပေမဲ့ ကျမ္မာရေးဆိုးဝါးလာတာမို့ ၂၀၀၀ ခုနှစ်တွေမှာ လန်ဒန်ကနေ ပြည်နှင်ဒဏ်ပေးပြီး ချီလီကို ပြန်ပို့ခဲ့ပါတယ်။ အဲ့ဒီ့အချိန်ချီလီမှာ ဒီမိုကရက်တွေ အားကောင်းနေပြီး ပင်နိုးရှေးရဲ့ အာဏာ စက်ကွင်းကလည်း ထိရောက်မှု သိပ်မရှိတော့တာမို့ ပြည်တော်ပြန် င်နိုရှေးဟာ ရာဇဝတ်မှု ၃၀၀ ကျော်လောက်နဲ့ ရင်ဆိုင်တရားစွဲတာခံရပြီး ၂၀၀၆ မှာ ချီလီ ဆန်တီရာဂို မြို့တော်မှာပဲသေဆုံးသွားပါတယ်။

ချီလီနိုင်ငံရေးဖြစ်စဉ်ကို ကြည့်ရင် elite politics လို့ခေါ်ရမဲ့ လူ့မလှိုင်နိုင်ငံရေးရဲ့ ကိုယ်ကျိုးစီးပွား ဖြစ်စဉ်ကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အထက်တန်းအလွှာ လူ့မလိုင် နိုင်ငံရေးဟာ အပေါ်ယံ ဒီမိုကရေစီ လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူမျှတရေး၊ လူအများကောင်းစားရေး အစရှိတဲ့ ထိပ်စည်းခေါင်းစည်းတွေ တပ်ထား ကာ အချိုသကာ လိမ်းထားတာမို့ ကျွန်တော်က ခေါင်းစည်းတပ်နိုင်ငံရေး လို့ အမည်ပေးချင်ပါတယ်။

ချီလီဟာ ဝါဒရေးရာအရ ကွန်မြူနစ်ကို ယိမ်းစဉ်မှာ နိုင်ငံအတွင်းမှာရှိနေတဲ့ ဓနရှင်အုပ်စုနဲ့ အကျိုးစီးပွားဆန့်ကျင်လာပါတယ်။ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားလာတဲ့ ပညာတတ်အလွှာက လည်း ဓနရှင်ဖက်ယိမ်းတာမို့ ကွန်မြူနစ်အစိုးရ ကတဖက် ဓနရှင်နဲ့ ပညာတတ် အထက်တန်းအလွှာက တဖက် ဆန့်ကျင်လို့ အားပြိုင်လျက်ရှိခဲ့ပါတယ်။ ဒီနေရာမှာ ကွန်မြူနစ်အစိုးရက ပဲ မြှောက်စားပြီး စစ်ဦးစီးချုပ် ခန့်ခဲ့တဲ့ ပင်နိုရှေးဟာ ကွန်မြူနစ်အစိုးရကို ဩဇာခံမဲ့အစား အာဏာရှင် စိတ်ကူးယဉ်အိမ်မက် မက်လာခဲ့ပါတယ်။ မြန်မာပြည် ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ တက်လုပ်ခဲ့သလိုပဲ ပင်နိုရှေးဟာ ၁၉၇၃ စစ်အာဏာမသိမ်းခင်က အိမ့်စောင့်အစိုးရ လို စစ်အုပ်ချုပ်ရေး လုပ်ခဲ့ ဘူးတဲ့ အတွေ့ အကြုံရှိခဲ့ လေတော့ အာဏာရှင် အိမ်မက်မက်ဖို့ အကြောင်းအထောက်အပံ့ဖြစ်လေဟန်တူပါတယ်။

အမေရိကန် CIA က ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ သူ့ဖက်က ကူမယ် လို့ အာမခံချက်ရတဲ့အချိန်မှာ အာဏာ တက်သိမ်းတာပဲဖြစ်ပါတယ်။ ပြည်တွင်း ဓနရှင်ပညာတတ်အလွှာက ဒီစစ်အာဏာသိမ်းမှုကို ကြိုဆိုခဲ့ကြတာပါ။ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ လက်ဝဲဝါဒီတွေကို ရက်ရက်စက်စက် လူသားမဆန်စွာ နှိမ်နင်းခဲ့တဲ့အချိန်မှာ နှာစေးနေခဲ့ ကြတာပါ။

ပင်နိုရှေးဟာ အာဏာသိမ်းပြီးတဲ့အခါ ဗဟိုစီးပွားရေးစနစ်ကို ရုတ်သိမ်းပြီး စျေးကွက်စီးပွားရေး ကို လက်ခံကျင့်သုံးမယ်လို့ ကြေငြာခဲ့တာပါ။ လက်ဝဲယိမ်း အလုပ်သမား သမဂ္ဂ တွေကို အငြိုးထားနှိပ်ကွက်ပါတယ်။ စီးပွားရေးရဲ့ ဆူးညှောင့်ခလုပ်ဆိုပြီး ဖျက်သိမ်းပါတယ်။ ကုန်သွယ်ရေးကန့်သတ်ချက်တွေကို ပယ်ဖျက်ပါတယ်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့စည်းတွေကို ဖျက်သိမ်းပါတယ်။

ချီလီဟာ ပစ္စည်းမဲ့တွေရဲ့နိုင်ငံမဟုတ်ဘူး ဓနရှင်တွေရဲ့ နိုင်ငံတော်ဖြစ်ရမယ်လို့ ကြွေးကျော်ခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်များရဲ့သခင်စစ်တပ်ရယ်၊ စီးပွားရေး ကို ထိန်းချုပ်ထားတဲ့ ဓနရှင်ရယ်၊ လူတွေရဲ့အတွေးအခေါ် အပြုမူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပညာတတ်တွေဟာ တပေါင်းတစည်းတည်းဖြစ်သွားပါတော့တယ်။ ဒါနဲ့ ပဲ လူတွေထမင်းဝရင် နိုင်ငံရေး စိတ်မဝင်စား ဘူးဆိုတဲ့ မူဟာ ချီလီမှာ အလုပ်ဖြစ်ခဲ့ပါတယ်။ သန္ဓေမကောင်းတဲ့ မြန်မာပြည်က ၈၈ ခြေဥလိုပဲ ဒီမိုကရေစီမကျတဲ့ ချီလီရဲ့ ၈၀ ခုနှစ် ခြေဥအောက်မှာ ချီလီ စီးပွားရေးဟာ နာလန်ပြန်ထူခဲ့ပါတယ်။ ချီလီရဲ့ အဓိကစီးပွားရေးဟာ သတ္တုတူးဖော်ရေးပါ။ ကြေးနီနဲ့ လစ်သီယမ် သတ္တုတွေ အမြောက်အများထွက်တာမို့ ဒီလုပ်ငန်းတွေကို အစိုးရ ချုပ်ကိုင်တဲ့ ကော်ပိုရေးရှင်းကနေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အရင်းရှင်တွေ ဝင်ရောက်လုပ်ကိုင်နိုင်အောင် လမ်းဖွင့်ပေးခဲ့တာမို့ ဓနရှင်အထက်တန်းလွှာတွေ ပျော်ပွဲဆင်ခဲ့ကြသလို တဖြေးဖြေးကြီးထွားလာကြပါတယ်။ ချီလီရဲ့ ၁၀% သော ဓနရှင် လူတန်းစားဟာ နိုင်ငံရဲ့ စီးပွားရေး အရင်းအမြစ် နဲ့ဝင်ငွေတွေကို ထိန်းချုပ်နိုင်စွမ်းရှိသည့်အထိ အားကောင်းလာပါတယ်။

၁၉၈၀ ချီလီခြေဥပါ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အရ ၁၉၈၈ ခုနှစ် အလွန် ပီနိုးရှေး သမ္မတ ဆက် ဖြစ်သင့်မသင့် Yes or No vote ပေးဖို့ ဖြစ်လာတဲ့အခါ ဒီ ကြီးထွားလာတဲ့ ဓနရှင် အုပ်စုဟာ No vote ဆန့်ကျင်မဲပေးဖို့ ခြေဥခွင့်ပြုချက်နဲ့ နိုင်ငံရေးပါတီတွေ ထူထောင် မဟာမိတ်တွေ ဖွဲ့လာကြပါတယ်။ ခရိယာန်ဒီမိုကရက်ပါတီခေါင်းဆောင် ဟာ Aylwin ဟာ တပ်ပေါင်းစုခေါင်းဆောင်ဖြစ်လာပြီး No vote မှာ အောင်ပွဲခံနိုင်ကြပါတယ်။ သူဟာ သမ္မတလောင်းဖြစ်လာပြီး ပင်နိုရှေးနဲ့ ညှိုနှိုင်းပြီး အခြေခံဖွဲ့စည်းပုံဥပဒေပါအချက် ၅၆ ချက်ကို ပြင်ဆင်ခဲ့ပါတယ်။ ခြေဥညှိုနှိုင်းချက်အရ ပင်နိုရှေးဟာ တနှစ်လောက်သမ္မတဆပ်လုပ်နိုင်ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ်နောက်ထပ် ၁၀နှစ် ဆက်လုပ်ခွင့်ရသလို ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကုန်ဆုံးသော်လည်း အမြဲတန်း အထက်လွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံစရာမလို ဆက်လက်လုပ်ကိုင်နိုင်ခွင့်ရပါတယ်။ ပင်နိုးရှေး လုပ်ခဲ့သမျှတွေအတွက် တရားစွဲပိုင်ခွင့်မရှိပဲ လွတ်ငြိမ်းချမ်းသာခွင့်ကိုပေးရပါတယ်။ Aylwin ဟာရွေးကောက်ခံ သမ္မတဖြစ်လာပေမဲ့ သူနဲ့အတူ ရွေးကောက်ခံ အမတ်များဟာလည်း လွှတ်တော်ထဲမှာ ခိုင်လုံမဲ စုစည်း ဥပဒေပြဌာန်းခွင့်မရရှိသေးပါဘူး၊ ပင်နိုရှေး ဖွဲ့စည်းပေးထားခဲ့တဲ့ UDI နိုင်ငံရေးပါတီ ပါဝင်တဲ့ ချီလီမဟာမိတ် ဥပဒေပြုအဖွဲ့ Alliance of Chile နဲ့ ညှိုနှိုင်းပြီးမှသာ ဥပဒေပြုနေရတဲ့ အခြေအနေပါ။

မည်သို့ပင် နိုင်ငံရေးအခြေအနေရှိပါစေ ချီလီဟာ စီးပွားရေ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့အလယ်မှာ နာမည်ကောင်းရ ကာ သူဌေးကလပ် ဖြစ်တဲ့ OECD အဖွဲ့ဝင်ဖြစ်သည့်အထိ မြှောက်စားခြင်းခံရပါတယ်။ စီးပွားရေး ကောင်းလာတဲ့ အခါ အသစ်ဖြစ်ထွန်းလာတဲ့ ဓနရှင်လက်သစ်တွေ က ရှေ့ရိုးစွဲ ဖက်ဆစ်ဆန်ဆန် ကိုယ်ကျိုးစီးပွားတွေ ကာကွယ်ချစားတဲ့ ဓနရှင်အဟောင်း ကို ဖယ်ရှား ပစ်လိုက်တာပါပဲ။ နောက်တက်လာတဲ့ ဓနရှင်က လည်း ကိုယ်ကျိုးစီးပွား မဖက်ပဲတော့မရှိပါ။ တိုးတက်တက်အုပ်စု progressive တွေ ဖြစ်တဲ့အတွက် သူတို့ကလည်း ပွင့်လင်းမြင်သာရေး၊ တာဝန်ခံတာဝန်ယူမှုရှိရေး၊ အကျင့်ပျက်ချစားမှု ကင်းစင်ရေး၊ တရားမျှတရေး၊ လူမှုဖူလုံရေး အစရှိတဲ့ အခြေခံ လူတန်းစား အကြိုက် စကားလုံးတွေနဲ့ သူတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ကို တန်ဆာဆင် ခေါင်းစည်းတပ်ကြတာပါပဲဖြစ်ပါတယ်။ elite ချင်း elite ပြန်ချတဲ့နေရာမှာ နိုင်ငံရေးထုံးတမ်းစဉ်လာအတိုင်း အမှားတဝက် အမှန်တဝက်ရောစွက်လို့ လူထုကြိုက် ဆွယ်တရားနဲ့ နိုင်ငံရေး အသာစည်း ရအောင် လုပ်ခဲ့ကြတာပါပဲ။ တနည်းအားဖြင့် ခေါင်းစဉ်တပ်နိုင်ငံရေးပါပဲ။ သို့သော်အချိန်ကြာမြင့် လာသည်နှင့်အမျှ အရင်းရှင်စနစ်ရဲ့ သန္ဓေပါ ကိုယ်ကျိုးစီးပွားဖက်မှုတွေ မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ ဦးထောင်ပဲ့နင်း စီးပွားရေး မညီမျှမှုတွေ ဖြစ်လာတဲ့အခါ ချီလီရဲ့ စီးပွားရေး ကို အဓိက ချုပ်ကိုင်ထားတဲ့ ၁၀% သော လက်တစုတ်စာ လူတန်းစား ဓနရှင် တွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ကာကွယ်လိုမှုတွေကဲလာပါတယ်။ အနိမ့်ဆုံးလစာကို တိုးမပေးချင်တော့ပါ။ ပင်စင်ခံစားခွင့်တွေ ညှိုနှိုင်းမပေးချင်တော့ပါ။ စရိတ်သက်သာ ပညာရေးထောက်ပံကြေးတွေမပေးချင်တော့ပါ။ အဖိုးနည်း အိမ်ယာ မဆောက်လုပ်ချင်တော့ပါ။ ပြောင်းပြန်အနေနဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး ရထားခတွေ စျေးတက်ပါတယ်။ လျှပ်စစ်ဓာတ်အားခ စျေးတက်ပါတယ်။ ရာဇဝတ်မှုတွေ တိုးပွားလာသလို မုဒိန်းမှုတွေ များပြားလာလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ရှေ့တန်းရောက်လာပါတယ်။ လူမှုရေး သဟဇာတ ကျမှုဟာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်အောက်မှာ ပျက်ယွင်းသွားပြီး တနိုင်ငံလုံး သပိတ်တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ပါမယ်လို့ ကြေငြာသော်လည်း လူထုက အထွေထွေမကြေနပ်မှုတွေ ပေါက်ကွဲ ထွက်နေပါတယ်။ ဓနရှင် လက်ဟောင်းကို ဖြိုပြီးတက်လာတဲ့ ဓနရှင်လက်သစ် အစိုးရဟာ ပင်နိုးရှေးလိုပဲ လက်ရှိ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတဲ့အတွက် လူထုဟာ အတော်မကျေမနပ်ဖြစ်နေကြပါတယ်။ ၂၀၂၀ မှာ ဘယ်လို ခရီးဆက်ကြမလဲကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်တဲ့ ၂၀၁၁ ဦးသိန်းစိန်လက်ထက်မှာ ချီလီနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ နိုင်ငံရေးသိပ္ပံ လေ့လာသူများအကြားမှာ အတော်လေး နှိုင်းယှဉ်ဆွေးနွေးစရာ ဥပမာပေးစရာအဖြစ် ရှိခဲ့ပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ကိုယ်တိုင်က လိုက်ပါပြောင်းလဲဖို့ လိုတာမို့ မျက်စိပိတ်နားပိတ်ဖြစ်နေတဲ့ စစ်တပ်က အရာရှိကြီးတွေကို ဖွံ့ဖြိုးပြီး ဒီမိုကရေစီ အနောက်နိုင်ငံတွေမှာ လေ့ကျင့်ပေးခြင်းအားဖြင့် မျက်စိပွင့်နားပွင့် ဖြစ်လာပြီး စိတ်ပါလက်ပါ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ရေးဆိုတဲ့ အယူအဆပါ။ ဒီအတိုင်းလဲ အတိုင်းအတာ တခုအထိလုပ်ခဲ့ကြပါသေးတယ်။ EU ကတောင် ရဲတွေလာသင်တန်းပေးတဲ့ စီမံကိန်းလုပ်လို့ ဝိုင်းဝေဖန်တာကို ခံရပါသေးတယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ကြောင်း ချီလီနဲ့ အခြား လက်တင်အမေရိကား ကနိုင်ငံတွေရဲ့ အတွေ့အကြုံကို ကိုးကားပြီး ငြင်းဆိုတဲ့သူတွေရှိပါတယ်။ ပင်နိုရှေးနဲ့ သူ့ ဗိုလ်ချုပ်များဟာ အမေရိကန် trained တွေပါ။ CIA ပစားပေးတာခံရတဲ့ စစ်ဗိုလ်ချုပ်များဖြစ်တဲ့အတွက် သူတို့ ယုတ်မာတဲ့အခါ ကမ်းကုန်ပါတယ်။ သူတို့ဆရာ ဒီမိုကရေစီဘိုးအေများကလည်း မျက်စိပိတ်နားပိတ်နေကြပါတယ်။ အချဉ်ပင်က အသီးဟာ အချဉ်ပဲသီးမှာမို့ ကိုင်းဆက်လဲ အချဉ်မျိုးဇာတိပဲ တချိန်မှာပြမှာပဲဆိုတာ ပင်နိုရှေး က သက်သေဖြစ်နေတော့ စစ်ဗိုလ်ချုပ်တွေ Brain wash လုပ်ရေးဟာ အလုပ်ဖြစ်မဲ့ ကိစ္စမဟုတ်ကြောင်း သိသာစေပါတယ်။ နေပြည်တော်မှာ အင်္ဂလန်မှာ သင်တန်း ကိုးလ တနှစ်တက်ပြီး ပြန်လာတဲ့ ဗိုလ်မှူးကြီးတယောက်ရဲ့ ၂၀၀၈ ခြေဥကို ထောက်ခံပြောဆိုနေတဲ့ MRTV live အစီအစဉ်ကို ကြည့်စဉ်ခဏမှာပဲ ရင်ဝကို ခြေနဲ့ စောင့်ကန်ခံရသလို ခံစားမိတာ မှတ်မိနေပါတယ်။

ချီလီနဲ့နှိုင်းယှဉ်ပြောခံရတဲ့အထဲမှာ အဓိက ကျတာတခုက ခြေဥပေးထားချက်ပါ။ ချီလီမှာ ပင်နိုရှေး တက်ခါစက ကြမ်းကြမ်းတမ်းတမ်း အာဏာနဲ့ နှိပ်ကွက်ခဲ့တာဟာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်တွေချဖို့ နိုင်ငံရေးလိုအပ်ချက် တခုလို့ ရှုမြင်နိုင်ပါတယ်လို့ ပြောတဲ့ နိုင်ငံရေးသိပ္ပံဆရာတွေ ရှိခဲ့ပါတယ်။ ချီလီရဲ့ ၁၉၈၀ ခြေဥဟာ ပြီးပြည့်စုံမှု မရှိသော်လည်း နိုင်ငံရေးပေးထားချက်အနေနဲ့ လက်ခံခဲ့ပြီး ရတဲ့ နိုင်ငံရေး အခင်းအကျင်း political space ကနေ ပါတီနိုင်ငံရေးနဲ့ တိုင်းပြည်စီးပွားရေး တည်ဆောက်လို့ institution စီးပွားရေး လူမှုရေး အသင်းအဖွဲ့တွေ အားကောင်းမောင်းသန် လုပ်သွားခဲ့တာတွေကို နမူနာပေး ပြောဆိုခဲ့ကြပါတယ်။ ဒီ institutional building ဟာ political society ဒီမိုကရေစီနိုင်ငံရေးလူအဖွဲ့အစည်းတခုဖြစ်အောင်တည်ဆောက်တဲ့နေရာမှာ အထောက်အပံဖြစ်ခဲ့ပြီး လူတွေရဲ့ အတွေးအခေါ်အကျင့်အကြံ ကျင့်ဝတ်တွေ အားကောင်းလာသည်နှင့်အညီ နိုင်ငံရေး စနစ်ဟောင်းကို စနစ်သစ်နဲ့ အစားထိုးနိုင်ခဲ့ တာဖြစ်တယ်လို့ အာဘောင်အာရင်းသန်ခဲ့ ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ခြေဥမှာ ဝိဝါဒတွေသိပ်ကွဲပြားမနေနဲ့ ပေးထားတဲ့ နိုင်ငံရေး အဟ ကနေ ရသလောက်ဖြေးဖြေးတည်ဆောက်၊ စီးပွားရေးကို ဇောက်ချလုပ်ပါ၊ တိုးတက်လာသည်နှင့်အမျှ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှု ဖြစ်လာပြီး ပိုကောင်းမွန်တဲ့ခြေဥ ဖြစ်လာမယ်လို့ “ပေါင်းပြီးပြောင်း “ ပါလို့ အယူအဆကို ကြိုက်သူများက ဆော်ဩကြပါတယ်။ တဖက်က တိုက်ယူပြီးပြောင်း မယ်ဆိုတဲ့သူများကို ချီလီဥပမာပေးကြပါတယ်။ စတစ်ဂလစ်၊ ဖူကူယားမား၊ ပေါလ်ကောလီယာ အစရှိတဲ့ ဂုရုများကလည်း မြန်မာနိုင်ငံရောက်သည့်အခိုက်မှာ ဒီသဘောပြောတာတွေ ဖတ်ရမှတ်ရပါတယ်။

မြန်မာပြည် ကောင်းမွန်သော ပြုပြင်ပြောင်းလဲရေးအတွက် ပေါင်းပြီးပြောင်း မလား၊ ဒါမှမဟုတ် တိုက်ပြီးပြောင်းမလား ဘယ်လမ်းစဉ်က အကောင်းဆုံးနဲ့ အလုပ်ဖြစ်မလည်း ကျွန်တော် မစဉ်းစားတတ်တော့ပါ။ တိုက်ပြီးပြောင်း ဖို့ ကြိုးစားခဲ့လို့ ပြည်တွင်းစစ် သက်ဆိုးရှည်နေတာ ပဲ အဖတ်တင်နေတာမို့ ပေါင်းပြီးပြောင်းမလား နည်းကို ပိုတိမ်းညွတ်မိတာကတော့ဝန်ခံရမှာဖြစ်ပါတယ်။ သို့သော် ချီလီလို စီးပွားတိုးတက်ရေး ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားကောင်းမောင်းသန်ဖြစ်ရေး က တဖြေးဖြေး ဝေးလာသလိုခံစားရပါတယ်။ လက်ရှိ ICJ အမှု ဖြစ်ပွားလိုက်တဲ့ အချိန်မှာ ဒီအချက်က ပိုလို့တောင် ထင်ရှားလာပါတယ်။ ICJ မှာ ဘာပဲ ဆုံးဖြတ်ဖြတ် ဒီလို အမှုမျိုး ဖြစ်ခဲ့ရင် နိုင်ငံတခုအနေနဲ့ စီးပွားရေး နလန်ထူဖို့ဟာ အနည်းဆုံး ဆယ်စုနှစ် သုံးခုလောက် အချိန်ယူရတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကျပါတယ်။ ဒါကြောင့် နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်မကောင်းစွာနဲ့ ပြောရရင် အနာဂါတ် မြန်မာပြည်စီးပွားရေးဟာ တိုးတက်ဖို့ထက် မဆုတ်ယုတ်အောင် ကျားကန်ထားနိုင်ရင် ကံကောင်းလို့ပဲဆိုရမှာပါ။ ဒီအခြေအနေမှာ ချီလီနိုင်ငံလိုတော့ စီးပွားတိုးတက်လို့ နိုင်ငံရေး တိုးတက်ပြောင်းလဲမယ်ဆိုတဲ့ အယူအဆဟာ လားလားမှ မဟပ်စပ်တော့ဘူးလို့ ထင်မြင်မိပါတယ်။ အမိမြန်မာ နိုင်ငံရဲ့ အခြေအနေက ဖွတ်မရ၊ဒါးမဆုံး လို့သာ ဆိုခြင်ပါတယ်၊ နိုင်ငံရေးလဲ မတိုးတက်၊ စီးပွားရေးလည်း မတိုးတက်ပါ။ ဘယ်သူ့ ဘယ်သူကိုမှ အပစ်ပြောနေခြင်းမဟုတ်ပါ။ ဒီအတိုင်းဖြစ်ဖို့ ကံရှိလို့သာ ဒီလိုဖြစ်လာတာလို့ ဆိုခြင်ပါတယ်။ ဒီကံ တွေကတော့ မိမိတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ အကြောင်းအကျိုးတရားတွေပါပဲ။

ဒီနေရာမှာ ထောက်ပြချင်တာ တချက်က မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်လာတောင်မှ ချီလီလို နိုင်ငံရေး ဖြစ်စဉ်တိုးတက်ပါ့မလားဆိုတာကိုပါ။ ချီလီဟာလည်း နိုင်ငံရေးအလုံးစုံ ပြုပြင်ပြောင်းလဲတိုးတက်နေတာတော့မဟုတ်ပါ။ လက်ရှိဖြစ်ပျက်နေတာတွေကြည့်ရင် ချီလီရဲ့ အနာဟောင်းတွေက ပြန်ယင်းထလာတာကို တွေ့ရမှာပါ။ မင်းသားခေါင်းဆောင်းထားတဲ့ အရင်းရှင်စနစ်ရဲ့ စရိုက်ဆိုး လက္ခဏာတွေ က မျက်နှာဖုံးကွာကျပြီး လူမှုပဋိပက္ခတွေကို ဖန်တီးနေတာလို့ နားလည်သဘောပေါက်နိုင်မှာပါ။

မြန်မာနိုင်ငံဟာ စီးပွားရေးကောင်း ဘို့ လိုတယ်ဆိုတာ အငြင်းပွားဘွယ်ရာမရှိ လက်ခံနိုင်ပေမဲ့ ဒီလိုကောင်းလာတဲ့ စီးပွားရေးဟာ အလိုရှိတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဖြစ်စေမယ်ဆိုတဲ့ အယူအဆဟာ အန္တရာယ်ရှိပါတယ်။ နိုင်ငံရေးကောင်းမကောင်းဟာ စီးပွားရေး တိုးတက်လာအောင် ဘယ်လို ဖော်ဆောင်လာသလည်း အပေါ်မှာ မူတည်နေတယ်လို့ သတိပေးချင်ပါတယ်။ တိုးတက်လာတဲ့ စီးပွားရေးဟာ ဘယ်သူ့အတွက်လဲ ချီလီလိုပဲ၊ နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ လူနည်းစု ၁၀% အတွက်ပဲလား၊ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့ အလိုတူအလိုပါ ခရိုနီဓနရှင် လက်ဟောင်းတွေ အတွက်လား၊ NLD လက်ထက် ခိုလှုံဝင်ရောက်လာတဲ့ ခရိုပြာတွေနဲ့ လက်သစ်ဓနရှင်ပေါက်စ တွေအတွက်လား၊ ဗမာတွေနေထိုင်တဲ့ အရပ်ဒေသတွေပဲ ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားဒေသတွေက ဆင်းရဲနေကျ ဆင်းရဲမြဲ ဖြစ်နေမှာလား စဉ်းစားစရာ အပုံအပင် ရှိနေပါတယ်။ လက်ရှိမှာ စျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးတာမို့ အရင်းရှင်ဝါဒပဲလို့ သမုဒ်ရမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ အရင်းရှင်ဝါဒ ကို ဆန့်ကျင်သူမဟုတ်ပါ၊ တချိန်တည်းမှာပဲ အရင်းမဲ့ဝါဒ ကွန်မြူနစ်စနစ်ဟာ လက်တွေ့ကျကျ အောင်မြင်အောင် လုပ်နိုင်စွမ်းရှိမဲ့ ဝါဒလို့လဲ မှတ်ယူမထားပါ။ ကျွန်တော်ဟာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကိုဆန့်ကျင်ပါတယ်။ လက်ဝါးကြီးအုပ်လိုတဲ့ သဘောကို ရွေ့ရွေ့သွားတဲ့ မည်သည့်အရင်းရှင် လုပ်နည်းကိုင်နည်း မဆိုကို ဆန့်ကျင်ပါတယ်။ ရှိတဲ့အရင်းနဲ့ ကိုယ်ကြီးပွားရေးကို လုပ်ရင်း မိမိနဲ့အတူ ကျန်အလုပ်လုပ်သူများပါ တိုးတက်ရေးကို ရှေ့ရှုတဲ့ အရင်းရှင်စနစ်မျိုးကို အလိုရှိပါတယ်။ ငါကြီးပွားအောင်အရင်လုပ်ပြီး ချမ်းသာတဲ့အခါ မင်းကို ရွှေနားကပ်ဆင် စွန့်ကြဲမယ်လို့ပြောတဲ့ အထက်အောက်ဆက်ဆံရေး အလှူရှင်ကြီး မဏ္ဍပ်ထောင် ဝါဒ top down approach Corpotate Social Responsibility CSR ကို အယုံအကြည်မရှိပါ။ ရှိတဲ့အရင်းနဲ့ ကိုယ်စွမ်းကိုယ်စွရှိသလောက် စီးပွားရေးလုပ်စဉ်ကတည်းက သာတူညီမျှမှုရှေ့ရေးကို ရှေ့ရှုးပြီး အလုပ်တာဝန်ခွဲခြား လုပ်ကိုင်တဲ့ division of labor and equitable benefit sharing အရင်းဝါဒ လုပ်နည်းကိုင်နည်းကို ကြိုက်ပါတယ်။ အထူးသဖြင့် Nordic country တွေဖြစ်တဲ့ ဒိန်းမတ်၊ ဆွီဒင်၊ ဖန်လန်၊ နော်ဝေး တို့လို ပုံစံမျိုးပေါ့။

ဒါကြောင့် NLD အစိုးရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်တဲ့အခါမှာ innovative equitable capitalism ကို ဖော်ဆောင်စေချင်ပါတယ်။ ဘယ်နိုင်ငံ၊ ညာနိုင်ငံ က ကုမ္ပဏီကြီးတွေက ဘယ်လို စီမံကိန်းကြီးတွေလုပ်လိုက်လို့ ဘယ်လို ဖွင့်ဖြိုးတိုးတက်သွားမယ်ဆိုတဲ့ မစားရ ဝခမန်း အပြောတွေကြားမှာ ကိုယ်မဲပေးထားတဲ့ အစိုးရ မနစ်မြုပ်စေချင်ပါဘူး။

တကယ်လို့ NLD ဟာ ၂၀၀၈ ခြေဥကိုပေးထားချက် အနေနဲ့ လက်ခံပြီး ပေါင်းပြောင်းဖို့ ကြိုးစားတယ်ဆိုရင်လည်း မျှတတဲ့စီးပွားရေးစနစ်ဖြစ်အောင်ပဲ ဖော်ဆောင်စေချင်ပါတယ်။ ဒီလို လုပ်လို့အောင်မြင်သည်ပဲထားဦး ချီလီနဲ့မတူတဲ့ အချက်ဟာ မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး အမျိုးသားရေးလက္ခဏာ ဖော်ဆောင်ရေး နိုင်ငံရေးအာသီသ identity politics and polity ကို နောက်ချန်မထားဖို့ပါ။ ဒါကြောင့် identity politics နဲ့ economic development ဟာ ပြိုင်တူသွားနိုင်မှ အလိုရှိရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ ပြီးမြောက်အောင်မြင်နိုင်မှာပါ။ လက်ရှိမှာတော့ စစ်တပ်အသိုင်းအဝိုင်းနိုင်ငံရေး လုပ်သူများကော NLD နိုင်ငံရေးသမား အများစုရဲ့ အမြင်မှာ စီးပွားရေးကောင်းရင် ကျန်တာတွေ ပြေလည်သွားမယ်ဆိုတဲ့ အယူအဆက ထိပ်ရောက်နေတာ တွေ့ရပါတယ်။ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကိစ္စကို ကြည့်ရင်လည်း ပြဿနာတွေ အဓိက ကြီးထွားနေရတဲ့ အကြောင်းရင်းက identity politics ကို နောက်ချန်ထားမှု လို့ သုံးသပ်မိပါတယ်။

ချုပ်ရရင်တော့ ချီလီနိုင်ငံရေးဖြစ်စဉ်ကိုလေ့လာရင်း မြန်မာနိုင်ငံရေးဟာ လည်း အထက်တန်းလူ့မလှိုင်အလွှာတွေရဲ့ ခေါင်းစဉ်တပ်နိုင်ငံရေး အလွှဲအပြောင်း တွန်းထိုးလှုပ်ရှားမှု state of the elite politic လား လူထုလူတန်းစားတိုက်ပွဲ politic of class struggle လားလို့ ဒွိဟ စိတ်တွေ သံသယတွေ ကြီးစိုးလာခြင်းပါ။ ချီလီဟာ ကွန်မြူနစ်စနစ် မစခင်ကတည်းက အရင်းရှင်လူတန်းစားက ရှိနှင့်နေပြီးသားပါ။ ပီနိုရှေးရဲ့ စစ်အာဏာသိမ်းမှုဟာ အရင်းရှင်လူတန်းစားရဲ့ စေ့စော် တုန့်ပြန်မှု လို့ ရှုမြင်နိုင်ပြီး လက်ရှိဒီမိုကရေစီအစိုးရဟာ ခေတ်ဆွေးလူ့အခွင့်အရေး ချိုးဖောက်တဲ့ ဓနရှင်အဟောင်းနေရာကို အစားထိုးဝင်လာတဲ့ကိုယ်ကျိုးစီးပွားကာကွယ်မှုကိုပဲ အများကောင်းကျိုးခေါင်းစဉ်တတ်တဲ့ ဓနရှင်အသစ်တွေရဲ့ အာဏာလွှဲပြောင်းရယူထားမှု အမှတ်သင်္ကေတလို့ မြင်သိနိုင်ပါတယ်။ တနည်းအားဖြင့် elite politic ရဲ့ ဖြစ်စဉ်ပါပဲ။ အခြေခံလူတန်းစားတွေ အာဏာရလာတာ မဟုတ်ပါဘူး။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကတော့ စကတည်းက ယဉ်သကို ဖြစ်ပါတယ်။ ဗြိတိသျှတွေဆီက လွတ်လပ်ရေး မရခင်ကတည်းက ဘုရင်စနစ်ကို ပြန်အသက်မသွင်းဘူး၊ ပဒေသရာဇ် စနစ်အလိုမရှိ ပြည်သူအုပ်စိုးမှုကိုရှေ့ရှုပါတယ် republic လို့ ကျွေးကြော်တဲ့ ဗမာ့ လူ့အဖွဲ့စည်းခေါင်းဆောင်တွေနဲ့ အင်္ဂလိပ်လက်အောက် ပဒေသရာဇ် အဆောင်အယောင် တွေ အပြည့်နဲ့ နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ပဒေသရာဇ် ခေါင်းဆောင်တွေဟာ အသွင်မတူပေမဲ့ အိမ်သူဖြစ်ရေး အတူတကွနေထိုင်ဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။

အစကတည်းက မညီမျှတဲ့ညီမျှခြင်းကို ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် ကြိုးစား ညှိုကြသော်လည်း လွတ်လပ်ပြီးစ ဒီနိုင်ငံမှာ စစ်ပွဲအမျိုးမျိုးတိုက်ပြီး အားကောင်းလာတဲ့ တခုတည်းသော institution တပ်မတော်နဲ့ တိုင်းရင်းသား ပဒေသရာဇ်တွေ လူမျိုးစုခေါင်းဆောင်တွေထိတ်တိုက်တွေ့ကြတော့တာပါပဲ။ အားကောင်းလာတဲ့ တပ်မတော် military institution က military elite စစ်ဝါဒီခေါင်းဆောင်တွေမွေးထုတ်ပြီး ပဒေသရာဇ် ခေါင်းဆောင်တွေကို ဖိနှိပ်တဲ့အခါ ပြည်တွင်းစစ်ဟာ ရောင်စုံလက်နက်ကိုင်တွေနဲ့ တန်ဆာဆင်လာပါတော့တယ်။ လက်နက်မကိုင်ရင်ကို ယ့်ဒေသမှာတောင် ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာတာမို့ ပဒေသရာဇ် စနစ် မဖြစ်ထွန်းသေးတဲ့ အခြား လူမျိုးစု ခေါင်းဆောင်တွေကလည်း လက်နက်ကို မဖြစ်မနေကိုင်စွဲရပါတော့တယ်။ လက်နက်ကိုင်မှတော့ ကိုယ့်အဖွဲ့ရှင်သန်ရပ်တည်ရေးအတွက် နည်းပေါင်းစုံနဲ့ ကြိုးပမ်းကြတဲ့အခါ ပြည်တွင်းစစ်ဟာ အကျိုးစီးပွားယှဉ်ပြိုင်မှု တွေနဲ့ ဒွန်တွဲလာကာ သယံဇာတ ကျိန်စာ ကျရပါတော့တယ်။ နေမြင့်လေ အရူးရင့်လေမို့ elite politics နဲ့ အစပျိုးတဲ့ နိုင်ငံရေး ဟာ လူမျိုးရေး ဗဟိုပြု သာတူညီမျှမှုရှိရေး တိုက်ပွဲ အသွင် ခေါင်းစဉ်တပ်ပြောင်းလဲလာတယ် လို့ ဆိုနိုင်ပါသော်လည်း အတွင်းသားကတော့ elite politic လူ့မလှိုင်တွေနေရာလုပွဲပါပဲ။ မစွန်းရင်းကလဲရှိ ကန်စွန်းခင်းကလဲ ငြိ မို့ တရားမျှတရေး၊ တန်းတူညီမျှရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ထူထောင် ရေး အစရှိတဲ့ကြွေးကျော်သံဟာ လက်နိုင်ကိုင်တိုက်ပွဲရဲ့ ဘုံရည်မှန်းချက်ဖြစ်လာတာဟာကောင်းပါတယ်။ ဒီဘုံရည်မှန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်းလို့ တဦးချင်းမေးရင်တော့ ပုဏ္ဏားတွေဆင်စမ်းနေသလိုပါပဲ။

ဗမာပြည်မ အခြမ်းမှာလည်း တခုတည်းသော တပ်မတော်သာအားကောင်းလာပြီး သူက မွေးတဲ့ အရင်းရှင် လူတန်းစား ဟာ အရံဖွားတော်ဖက် နောက်မြှီးစွဲ ဖြစ်လာပါတယ်။ နိုင်ငံရေး ပါတီတွေဟာလည်း အဖွဲ့အစည်းသန်စွမ်းအောင် မတည်ဆောက်နိုင်သည့် အလျှောက် ဒီမိုကရေစီအုပ်ချုပ်ရေးဟာ ပြည့်ဝစွာဖော်ဆောင်နိုင်စွမ်းမရှိပါဘူး၊ ဒီ နိုင်ငံရေးပါတီတွေဟာလည်း မသိမသာနဲ့ သင်းကွဲ ခရိုနီ ခရိုပြာတွေနဲ့ ကိုယ်ကျိုးရှာ စီးပွားရေး သမားတွေရဲ့ ချည်းကပ်မှု ကို တစနဲ့ တစ ပိုလို့ ခံလာနေရတဲ့ သဘောရှိပါတယ်။ နိုင်ငံတကာဖိအားကြောင့် တရုပ်ကို ပိုမှီခိုလာရတဲ့အခါ အားလုံးဟာ တရုတ်ဩဇာကို မလွန်ဆန်နိုင်တဲ့ စီးပွားရေးလက်ဟောင်း လက်သစ် elite, မြေပေါ်မြေအောက် စစ်ရေး elite တွေ သာဖြစ်လာပါတော့တယ်။ ဒီလိုအခြေအနေမှာ လူတန်းစား၊ လူမျိုးရေး ကြွေးကျော်သံ နိုင်ငံရေးဟာ ခေါင်းစဉ်တပ် အဆင့်မှာပဲရှိပြီး အဓိက တော့ elite အမျိုးမျိုးရဲ့ အကျိုးစီးပွားယှဉ်ပြိုင်မှု နိုင်ငံရေးတွန်းထိုးလှုပ်ရှားမှု သာသာပဲ ဖြစ်နေမလား စဉ်းစားစရာပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နောက်ပိုင်း နိုင်ငံရေးဟာ ဒီ အုပ်စုတွေရဲ့ elite capture of political power နိုင်ငံရေး အာဏာ ရယူမှုတွေ ကြားမှာ လွန်ဆွဲမဲ့ သဘောပဲ ဖြစ်နေမဲ့ အလားအလားဖြစ်ပါတယ်။
ဒီအခြေအနေက ဖောက်ထွက်ဖို့ကတော့ နိုင်ငံရေး သွေးသစ်လောင်းမှ ဖြစ်မယ်ထင်ပါတယ်။ လူကြီးတွေရဲ့ နိုင်ငံရေး က တခန်းရပ်သွားပြီမို့ လူငယ်လူရွယ်တွေဟာ ကိုယ့်အနာဂါတ်အတွက် ကိုယ့်ဒါးကိုယ်သွေးဖို့ လိုလာမှာဖြစ်ပါတယ်။ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပကတိအခြေနေ အရပ်ရပ်ကို အမှန်တိုင်းရှုမြင်ပြီး ခေါင်းဆောင်မှုအရည်အသွေးတွေကို လေ့ကျင့် ပြုစုသင့်ပါတယ်။ နိုင်ငံရေး လူမှုရေး စီးပွားရေး ပတ်ဝန်းကျင်ရေးရာ ကဏ္ဍအသီးသီးမှာ အလားအလာရှိမဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာရေးကိုသာ ရှေ့ရှုး ပြီး နိုင်ငံရေးအရကျဆုံးခဲ့တဲ့ ကျွန်တော်တို့ လူကြီးမျိုးဆက်လက်ကျန်တွေက မသေခင်စပ်ကြား တတ်နိုင်သမျှကူညီဆောင်ရွက်ဖို့ပဲရှိပါတော့တယ်။ ဖြတ်သန်းရမဲ့ အမှောင်ကာလ တွေကလည်း ဆီးကြိုနေပြီမို့ အံကျိတ်လို့သာ သီးခံစောင့်စား ကျော်ဖြတ်ရတော့မှာဖြစ်ပါတယ်။ စုပေါင်းခေါင်းဆောင်မှုနဲ့ နိုင်ငံပုံရိပ်ပြန်လည်မြှင့်တင် တရားဝင်မှုရယူရေးဟာ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရမဲ့ နိုင်ငံရေးလိုအပ်ချက်တွေပဲဖြစ်တယ်လို့ မြင်မိပါတယ်။

မသေခင်တနေ့မှာတော့ လူငယ်တွေဆောင်ကျဉ်းမဲ့ အလင်းရောင် ကို ခဏလောက် ဖြစ်ဖြစ်တော့ မြင်တွေ့ချင်မိပါတယ်။

Win Myo Thu
ဇန်နဝါရီ ၁ ရက်၂၀၂၀
Photo Credit – GOOGLE

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *