စစ်ကိုင်းတိုင်းဒေသကြီး ၊ ပင်လည်ဘူးမြို့တွင် (၂၀၁၅) ခုမှ စတင်၍ ထိန်းသိမ်းထားသော ကျေးရွာ(၆)ရွာ၏ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာများထဲတွင် ဖေဖော်ဝါရီ (၁)ရက် အစိုးရအပြောင်းလဲများ ဖြစ်ပွားပြီးနောက်တရားမဝင် သစ်စက်လုပ်ငန်းရှင်များ၏ အပြောင်ရှင်း ထုတ်ယူမှုများကြောင့် ထိန်းသိမ်းထားသော CFသစ်တောများ ပြုန်းတီးလျှက်ရှိပါကြောင်း တွေ့ရှိရပါသည်။

Confirmation Status : Reported
December 16, 2021

စစ်ကိုင်းတိုင်းဒေသကြီး ၊ ပင်လည်ဘူးမြို့တွင် (၂၀၁၅) ခုမှ စတင်၍ ထိန်းသိမ်းထားသော ကျေးရွာ(၆)ရွာ၏ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာများထဲတွင် ဖေဖော်ဝါရီ (၁)ရက် အစိုးရအပြောင်းလဲများ ဖြစ်ပွားပြီးနောက်တရားမဝင် သစ်စက်လုပ်ငန်းရှင်များ၏ အပြောင်ရှင်း ထုတ်ယူမှုများကြောင့် ထိန်းသိမ်းထားသော CFသစ်တောများ ပြုန်းတီးလျှက်ရှိပါကြောင်း တွေ့ရှိရပါသည်။

(ပင်လည်ဘူးမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ကျေးရွာများမှ သတင်းပေးပို့ပါသည်။)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ပင်လည်ဘူးမြို့တွင် (၂၀၁၅) ခုမှ စတင်၍ ထိန်းသိမ်းထားသော ကျေးရွာ(၆)ရွာ၏ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ (၃၂၃၄)ဧကထဲမှ CF အသုံးပြုခွင့်လက်မှတ် ရထားသော ကျောက်အိုးကျေးရွာမှ လွဲပြီး ဧရိယာ (၂၅၀၀)ဧကနီးပါးခန့်မှာ ဖေဖော်ဝါရီ (၁)ရက် အစိုးရအပြောင်းလဲများ ဖြစ်ပွားပြီးနောက် (၃)လအတွင်း တရားမဝင် သစ်စက်လုပ်ငန်းရှင်များ၏ အပြောင်ရှင်း ထုတ်ယူမှုများကြောင့် ထိန်းသိမ်းထားသော CFသစ်တောများ ပြုန်းတီးလျှက်ရှိပါကြောင်း တွေ့ရှိရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေဖြင့် (FLEGT) စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် သစ်တောစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများကို အကောင်ထည်ဖော်‌ဆောင်ရွက်ခဲ့ရာ ပင်လည်ဘူးတောင်ပိုင်းတွင် အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကျေးရွာ(၆)ရွာမှ အဖွဲ့ဝင်များနှင့်အတူ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သော “မူးမြစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့”မှ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ တည်ထောင်ရန်လျှောက်ထားခဲ့သော ကျေးရွာ (၆)ရွာတွင် ကျေးရွာ(၁)ရွာတွင်သာ တည်ထောင်ခွင့်လက်မှတ် ရရှိထားသော်လည်း ကျန်အဖွဲ့ဝင်များအားလုံး ပူးပေါင်းပြီး စုပေါင်းထိန်းသိမ်းခဲ့သောကြောင့် သစ်တောများမှာ ပိုမိုကောင်းမွန်လာပါသည်။

ဖေဖော်ဝါရီ (၁)ရက် နောက်ပိုင်းတွင် ကျေးရွာ(၆)ရွာမှ စုပေါင်းထိန်းသိမ်းထားသော သစ်တော များမှာ တရားမဝင်သစ်စက် လုပ်ငန်းရှင်များ၏ မျက်စိကျစရာ တောများဖြစ်ခဲ့သည်။ တရားမဝင် သစ်စက်လုပ်ငန်းရှင်အများစုမှာ ဒေသတွင်း ကျေးရွာခံသစ်စက်များ၊ ပွဲစားများနှင့် ပူးပေါင်းပြီး သစ်စက်လည်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် လာရောက်ညှိနှိုင်းကြရာ အသုံးပြုသူများအဖွဲ့ စီမံအုပ်ချုပ်မှု ကော်မတီနှင့် ကာကွယ်ကင်းလှည့်အဖွဲ့ဝင်များမှ လက်မခံခဲ့ကြပါ။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် သစ်စက် လုပ်ငန်းရှင်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထပ်မံညှိနှိုင်းလာသည့်အတွက် နောင်ပူအင်း ကျေးရွာနှင့် ကဘန်ကျေးရွာမှ ကော်မတီများမှာ ဖိအားပေး ဒဏ်ကြောင့် မူးမြစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ထံ တောများကို ပြန်လည်အပ်နှံကာ စီမံအုပ်ချုပ်မှုကော်မတီအသစ် ဖွဲ့စည်းပြီး တောအား ဆက်လက်ထိန်းသိမ်းခဲ့ကြပါသည်။

မတ်လဆန်းတွင် သစ်စက်လုပ်ငန်းရှင်များသည် နောင်ပူအင်းကျေးရွာ CF သစ်တောအတွင်း လာဒ်ပေးလာဒ်ယူ ကိစ္စများဖြင့် (သစ်စက်တစ်လုံး (15) ရက် ကိုးသိန်းခန့်ဟု) သစ်စက်အလုံးရေ (၁၅)လုံး ခန့်ဖြင့် ထိန်းသိမ်းထားသော တောများကို အတင်းဝင်ရောက် ခုတ်လှဲ ထုတ်ယူကြပါသည်။ အသစ်ဖွဲ့စည်း ထားသော စီမံအုပ်ချုပ်မှု ကော်မတီလည်း ခြိမ်းခြောက်မှု များပြုလုပ်ထားသည့်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ကဘန်ကျေးရွာ၏ တောများကိုလည်း သစ်စက်အလုံးအရင်းဖြင့် ဆက်လက် ထုတ်ယူကြပါသည်။

ညောင်စိုက်ကျေးရွာ CF တောများကို FUG/ PPG အဖွဲ့သားများမှ စုပေါင်းထိန်းသိမ်းထားသော်လည်း အနီးနား ကျေးရွာဖြစ်သော လှည်းပွဲကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လှည်းပွဲဘုန်းကြီးတို့၏ သစ်စက်များမှာ ငွေပေး၍ ဝင်ရောက်ကျူးကျော် လည်ပတ်သည့်အတွက် CF စီမံအုပ်ချုပ်မှုကော်မတီအနေဖြင့် မြို့နယ်သစ်တောရုံးသို့ သွားရောက်တိုင်ကြားသော်လည်း ဆောင်ရွက်မပေးသဖြင့် မြို့နယ်တရားရုံး ဦးတိုက်တိုင်ကြားသော်လည်း ယခုကာလတွင် အမှုဖွင့်မပေးကြောင်း ပြောလာသည့်အတွက် သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ တရားမဝင်သစ်စက်များ လည်ပတ်ရန်အတွက် လှည်းပွဲ ကျေးရွာ ဘုန်းကြီးနှင့် အုပ်ချုပ်ရေးမှူးတို့၏ ခြိမ်းခြောက်မှုကြောင့် ညောင်စိုက် CF ကော်မတီ များ တိမ်းရှောင်နေစဉ် သစ်တောအတွင်းသို့ သစ်စက်များ အလုံးအရင်းဖြင့် ဝင်ရောက်ခုတ်လှဲ ထုတ်ယူ ကြပါသည်။

သစ်စက်လုပ်ငန်းရှင်များ အနေဖြင့် ထိန်းသိမ်းထားသော CF တောများမှ သစ်များကို တစ်စု တစည်းတည်း ထုတ်ယူရလွယ်ကူခြင်း တန်ဘိုးရှိ သစ်မာသစ်ကောင်း(ပျဉ်းကတိုး၊ သစ်ယာ၊ ကညင်)များ ရှိခြင်းတို့ကြောင့် သစ်စက်အလုံးရေများမှာ ပိုမိုများပြားလာသည့်အတွက် ထိန်းတောများ ပြုန်းတီးမှုမှာ ပိုမိုမြန်ဆန် လာပါသည်။ သစ်စက်လုပ်ငန်းရှင်များအနေဖြင့် လုပ်သားခေါ်ယူရာတွင် ဒေသခံရွာသားများ အား ကျွမ်းကျင်မှုပေါ်မူတည်ပြီး လုပ်အားခ အတန်းအစားလိုက် ခေါ်ယူသော်လည်း နောက်ပိုင်းတွင် မူးယစ်ဆေးများသာ ပေးသည့်အတွက် ဒေသခံများမှာ တောလည်းဆုံး၊ ဆေးလည်းစွဲသူများ ဖြစ်လာ ကြပါသည်။ တရားမဝင် သစ်စက်လုပ်ငန်းရှင်များ၏ သစ်စက်ပေါင်း (၄၀)နီးပါးဖြင့် ကျေးရွာ (၃)ရွာမှ ထိန်းသိမ်းထားသော CF တောများ(ဧက ၂၀၀၀)နီးပါးကို (၂)လအတွင်း(မတ်၊ဧပြီ) လုံးပတ် (၄)ပေ အထက်အပင်များကို အပြောင်ရှင်းပုံစံဖြင့် ခုတ်လှဲထုတ်ယူကြပါသည်။ သင်္ကြန်အပြီး ဧပြီလလည်ခန့်တွင် သစ်တောထိန်းသိမ်းရေး ခေါင်းဆောင်များ ခရီးလွန် နေမှုကို အခွင့်ကောင်းယူကာ သာယာကုန်းကျေးရွာတွင်လည်း သစ်စက်လုပ်ငန်းရှင်များမှ တဂွင် (၁၀) ရက်ခန့် သစ်စက်လည်ရန်အတွက် သစ်စက်တစ်လုံး(၄၅၀၀၀၀)ကျပ်ဖြင့် ပေး၍ လည်ပတ်နေကြပါသည်။

သစ်စက်လုပ်ငန်းရှင်များမှာ ချောင်းကွေ့ကျေးရွာမှ အစုအဖွဲ့ပိုင်တောများကို ဆက်လက်ခုတ်လှဲ ထုတ်ယူရန် အမျိုးမျိုး စည်းရုံးနေသော်လည်း မူးမြစ်ဝှမ်း အဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူးတို့ ကိုယ်တိုင်က သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည့် အတွက် ယခု အချိန်အထိ (မေလ) ဒုတိယပတ်အထိ တောများကို ထိန်းထားနိုင်ဆဲ ဖြစ်ပါသည်။ သို့သော်လည်း သစ်စက်လုပ်ငန်းရှင်များမှ လာဒ်ပေးလာဒ်ယူ ကိစ္စများဖြင့် သစ်စက်များလည်ပတ် ရန်ကြိုးစား နေကြောင်း မူးမြစ်ဝှမ်းအဖွဲ့ခေါင်းဆောင်ထံမှ ပြန်လည် ကြားသိရပါသည်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော အသုံးပြုခွင့် လက်မှတ်ရရှိထားသော ကျောက်အိုးကျေးရွာတွင်မူ စီမံအုပ်ချုပ်မှု ကော်မတီထံ လာရောက်ညှိနှိုင်းမှုများ မရှိကြောင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို လာရောက် ချိန်းခြောက်ခြင်းများ မရှိသေးကြောင်းသိရှိရပါသည်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန်ကဏ္ဍ
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ပင်လည်ဘူးမြို့နယ်
  • နောင်ပူအင်းကျေးရွာ၊ ကဘန်ကျေးရွာ၊ ညောင်စိုက်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ ချောင်းကွေ့ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

-ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-CF တောများကိုထိန်းသိမ်းထားသော ကျေးရွာ(၆) ရွာရှိ ဒေသခံများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-တရားမဝင်သစ်စက်လုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

နိုင်ငံရေးအခြေအနေကောင်းမွန်မှသာ လာဘ်ပေးလာဘ်ယူမှုများကို သေချာစွာ ကျပ်မတ်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အားကောင်းအောင် လုပ်ဆောင်နိုင်မည်ထင်ပါသည်။ ယခုအချိန်တွင်မူ လာဘ်ပေးလာဘ်ယူမှုများနှင့် ခြိမ်းခြောက်မှုများကြောင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ရန်မှာ အသက်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။