နန့်ရန်းခါးချောင်းအတွင်း ရွှေမျောများမှ စွန့်ပစ်မြေဇာနှင့် မျောမီးများ ကြောင့် ငါးရစ်၊ငါးသန်များ ပျောက်ဆုံးခြင်းနှင့် ငါးမျိုးတုံးပျောက်ကွယ်ခြင်း၊ အင်းတော်ကြီး၊ ကချင်ပြည်နယ်

Confirmation Status : Verified
December 16, 2022

နန့်ရန်းခါးချောင်းအတွင်း ရွှေမျောများမှ စွန့်ပစ်မြေဇာနှင့် မျောမီးများ ကြောင့် ငါးရစ်၊ငါးသန်များ ပျောက်ဆုံးခြင်းနှင့် ငါးမျိုးတုံးပျောက်ကွယ်ခြင်း၊ အင်းတော်ကြီး၊ ကချင်ပြည်နယ်

(ကချင်ပြည်နယ်ရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး‌ကန်ဒေသ မမုန်ကိုင်ကျေးရွာနှင့် လုံးတုံ ကျေးရွာကြားမှ အင်းတော်ကြီးကန်အတွင်း စီးဝင်သော နန့်ရန်းခါချောင်းမှာ နှစ်စဉ် ငါးရစ်၊ ငါးသန်များရှင်သန် ပေါက်ပွားရာ နေရာတစ်ခုဖြစ်ပြီး၊ ဒေသတွင်း ရေလုပ်သားတို့၏ အသက်မွေးဝမ်းကျောင်းပြုရာ နေရာတစ်ခုဖြစ်သည့် အပြင် အင်တော်ကြီးကန်ကို ရေဖြည့်ပေးနေသည့် အသက်ဝင်လှသည့် ချောင်းတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ငါးမျိုးစိတ်များစွာကို ‌ဒေသတွင်းရေလုပ်သားတို့ အတွက် ပိသာ ထောင်သောင်းချီထုတ်လုပ်နိုင်သော ရေလုပ်သားတို့၏ စာကျက်တစ်ခု ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။ ၂၀၂၁ခုနှစ် (၅)လပိုင်းမှစ၍ နန့်ရန်းခါချောင်းမှာ ရေကို ရွှေမျောများမှ ရေစုပ်စက်ကြီး (၆လုံးထိုးများ) အလုံး (၄၀)ကျော်ဖြင့် နေ့စဉ် ရေမောင်းသည့်အတွက် ချောင်းရေများ ခမ်းခြောက်လာခြင်း၊ ချောင်းအတွင်း မျောစာ (နွံအနှစ်များ) ပြန်ချသည့်အတွက် ရေနောက်သည့်အပြင် ချောင်းကော လာခြင်းတို့ကြောင့် ပုံမှန်တက်နေကြ ငါးတွေလည်း မတက်တော့သည့်အပြင် ငါးမျိုးစိပ်များ မျိုးတုန်းပျောက်ကွယ်မည့် ဘေးနှင့် ကြုံတွေ့နေရပါသည်။ ထိုအပြင် ‌‌အင်းတော်ကြီး‌ဒေသရှိ ရေလုပ်သားများအနေဖြင့် ယခင်နှစ်များလို ငါးမရတော့သည့် အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရပါသည်။ ၎င်းအပြင် ယခုနှစ်က ဖမ်းမိတဲ့ ငါးတွေမှာလဲ ‌ဒေသအခေါ် ငါးအူစီဘောင်းတွေ မပါတော့ဘူး၊ ‌ဒေသခံတွေကတော့ ငါးတွေတောင် ငါးကင်ဆာ ဖြစ်နေကြပြီးလို့ ပြောနေကြပါတယ်။ နန့်ရန်းခါချောင်းမှာ အင်းတော်ကြီးကန်အတွင်းရှိ ငါးများ အတွက် ငါးရစ်၊ ငါးသန်များ ပေါက်ပွားကြီးပြင်း ရှင်သန်ရာ ဂေဟစနစ်တစ်ခုဖြစ်ပြီး၊ ယခုအခါအင်းတော်ကြီး ကန်၏ ဂေဟစနစ်ကိုပါ ထိခိုက်လာနိုင်ပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျနော်တို့ နန့်ရန်းခါချောင်းဆိုတာ ဒေသခံရေလုပ်သားတွေအတွက် ထမင်းအိုးပေါ့ဗျာ၊ ရေလုပ်သားတစ်ယောက် တစ်နှစ်လုံးဆို ပိသာချိန်ထောင်နဲ့ချီ ရကြတာပေါ့ အရင်က ကျနော်တို့ ဒီဘက်ခြမ်းမှာ ရေလုပ်သား(၇၀၀)ကျော်ရှိတယ်၊ အခုကျတော့ မရှိတော့ဘူး (၄၀၀)တောင်မပြည့်လောက်တော့ဘူး ငါးအရတော်တော်နည်းလာသလို၊ ဒီဇယ်စျေးကတက်တော့ မကိုက်တော့ဘူး ရေလုပ်သားတွေ တော်တော်များများ ရွှေလက်ဝိုင်းလေးနဲ့ဘဲ တနိုင်တပိုင်လုပ်စားကြတော့တယ်။ ကျန်နေသေးတဲ့ ရေလုပ်သားအချို့ကတော့ ငါးအရနည်း ပေမဲ့ ပုဇွန်ဆိတ်တွေကို အိုးနဲ့ မြှမ်းထောင်းဖမ်းပြီး ဝမ်းစာအတွက် ဖြေရှင်းနေရပါတယ်၊ ကျနော်တို့ဆိုရင် ကိုယ့်ယာ ခင်းဘေးနားမှာဘဲ တနိုင်တပိုင်ငါးကန်လေးတွေ မွေးမြူထားရပါဝယ်။

စိုက်ပျိုးရေးနှင့် သားငါးကဏ္ဍ
  • ကချင်ပြည်နယ်
  • မိုးညှင်းမြို့နယ်
  • အင်းတော်ကြီး (မမုန်ကိုင်ကျေးရွာ၊ လုံးတုံကျေးရွာ)

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၂၁ မေလ နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အင်းတော်ကြီးဒေသ ရေလုပ်သားများ

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်းနီ၊ ဗမာ၊ ကချင်(အနည်းငယ်)

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

(၇၀၀) ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

ရေလုပ်ငန်းများ

အဓိကပါဝင်ပတ်သက်သူ

ရွှေမျောလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ရွှေမျောများ ချောင်းတွင်းမျောတိုက်ခြင်းနှင့် အင်းကျယ်များ တူးဖော် ခြင်း လုပ်ငန်းများကို ထိန်းကျောင်းသည့် စနစ်တခုထားရှိဘို့လိုအပ်မည်။ ချောင်းရေရယူမှုနှင့် စွန့်ပစ်မျောတိုက် ရည်များကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ဖြစ်နိုင်လျှင် အင်းတော်ကြီး ပတ်ဝန်းကျင်တွင် ရွှေတူးဖော် မှုများကို ရပ်နားထားရန်။ ချောင်းများပြုပြင်ပြီး ယခင်လို ရေစီးရေလာကောင်းအောင် စက်ကြီးများဖြင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်။