အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြောင့် သီပေါမြို့နယ်၊ တာလုံကျေးရွာတွင် တစ်ရွာလုံးရေလွှမ်းမိုးခံရမည်ဖြစ်ပြီး၊ ကျေးရွာတစ်ခုလုံး ရွှေ့ပြောင်းပေးရမည်ဖြစ်သည်

Confirmation Status : Verified
December 16, 2022

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြောင့် သီပေါမြို့နယ်၊ တာလုံကျေးရွာတွင် တစ်ရွာလုံးရေလွှမ်းမိုးခံရမည်ဖြစ်ပြီး၊ ကျေးရွာတစ်ခုလုံး ရွှေ့ပြောင်းပေးရမည်ဖြစ်သည်

(ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပတ်ဝန်းကျင်ရေးရာလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းမှ သတင်းပေးပို့ပါသည်။)
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၈ ကတည်းက စတင်ရန်သဘောတူခဲ့ပြီး လုပ်ငန်းဖော်ဆောင် နေခဲ့ သော်လည်း ရွာသားများမှ ၂၀၁၄ ခုနှစ် ရွာရွှေ့ပြောင်းရန် ထွေ/အုပ်မှ ခေါ်ပြောမှသာ သိရှိရခြင်းဖြစ်သည်။ နည်းလမ်းမျိုးစုံ ကြိုးစားကန့်ကွက်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထိတိုင် စီမံကိန်း ရုပ်သိမ်းကြောင်း မကြားသိ ရသေးသဖြင့် လူမှုဘဝ လုံခြုံမှုမရှိ။ ကျေးရွာ၏ နမ္မတူချောင်းဘေး သစ်သီးခြံများဆုံးရှူံး ရလျှင်ပင် အသက်မွေး ဝမ်းကျောင်း ပျက်စီးမည်ဖြစ်သည်။ အသက်ရှင် ရပ်တည်မှုအတွက် အခက်အခဲများ ဖြစ်စေမည်။ ရွှေ့ပြောင်းရန် အကြောင်းကြားခံရသော်လည်း မည်သည့် နေရာတွင် ပြောင်းရွေ့ရမည်ဟု အဆင်ပြေ ရိုးရှင်းသော ဖြေရှင်းနည်း ကိုလည်း သက်ဆိုင်ရာမှ မစီစဥ်ပေးနိုင်ပါ။ လျော်ကြေး နစ်နာကြေး ပေးလျှင်လည်း မရလိုပါ။ လက်ရှိရှိနေသော စိုက်ပျိုးရေး/ ဝမ်းစာရေး လုပ်ငန်းများကိုသာ မက်မောပါသည်။ ယနေ့အထိယင်းစီမံကိန်း ဆက်လက် လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီ တစ်ခု လုပ်ငန်းခွင်နေရာတွင် အဆင်သင့် ရှိနေသေးသဖြင့်လည်း စိတ်ဆင်းရဲ နေကြရပါသည်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသာ အကောင်အထည်ဖော်ခဲ့ရင် ကျမတို့ တာလုံရွာက ရေမြုပ်ဧရိယာအတွင်းပါဝင်ပြီး တစ်ရွာလုံး အတိဒုက္ခရောက်မယ်ရှင့်။ တစ်ရွာလုံးဆို အိမ်ထောင် စု(၁၃၇)ခုနှင့် လူဦးရေ (၄၀၀)နီးပါးအားလုံး ဘယ်မှာ ဘာသွားလုပ်ကိုင် စားသောက်ရမှန်းတောင် မသိတော့ဘူး၊ ကျမတို့တင်မကဘူး ဘော်ကြိုနဲ့ နမ့်လန်လည်း ရေနစ်ကွင်း မှာပါတော့ သူတို့ရွာက အိမ်ထောင်စုတွေရောဆို နစ်နာသူတွေ အများကြီးဘဲ။ ကျမတို့ရွာက နမ့်မတူချောင်း ဘေးရွာဖြစ်လို့ သဘာဝ မြေဆီမြေနှစ်အတိုင်း စိုက်ပျိုး စားသောက်ကြတယ်။ ဓါတ်မြေသြဇာမသုံးဘဲ ကဗ္ဗလာသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ သံပုရာသီးစိုက်ပျိုးကြပြီး မိသားစု အနည်းငယ်သာ ရေလုပ်ငန်းနှင့် အသက်မွေးဝမ်း ကြောင်းပြုကြတယ်။ သိန်းရာဂဏန်းဝင်ငွေရှိတဲ့ စိုက်ပျိုးရေး ခြံပိုင်ရှင်တွေရှိကြတယ်၊ ဥပမာ (၈)ဧက ခြံပိုင်ရှင် တစ်ဦးက တစ်နှစ်ဝင်ငွေ သိန်း(၃၀၀)ကျော် ရှိတယ်၊ သဘာဝ ဟင်းသီး/ရွက်တွေလည်း စိုက်ပျိုးထုတ်လုပ်ရောင်းချကြတော့ အဆင်ပြေကြတယ် ဒါပေမဲ့ အခုတော့ တရုတ်ကုမ္ပဏီ တစ်ခု လုပ်ငန်းခွင်နေရာမှာ ရှိနေတော့ တစ်နေ့မှ စိတ်ချမ်းသာမှု မရကြဘူး အားလုံးစိတ်ဆင်းရဲကြီးစွာနဲ့ နေနေရ တယ်။

မြေယာကဏ္ဍ
  • ရှမ်း ပြည်နယ်(မြောက်ပိုင်း)
  • သီပေါမြို့နယ်
  • တာလုံရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၉/၁၂/၂၀၁၈

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

ဒေသခံ တိုင်းရင်းသား တောင်သူများ

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၀၀ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အဓိကပါဝင်ပတ်သက်သူ

ပြင်သစ်ကုမ္ပဏီ၊ တရုတ် ကုမ္ပဏီ၊ မြန်မာပိုင်ကုမ္ပဏီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

၁။ အပြီးသတ် စီမံကိန်း စွန့်လွတ်ရန် မျှော်လင့်၍ မရသော်လည်း ရွာကို မထိခိုက်စေသောနည်းလမ်း ကိုရှိဖွေပေးပြီး ယင်းနည်းလမ်းအတိုင်းသာ ဆောင်ရွက်စေလိုပါသည်။
၂။ စီမံကိန်းကို လုံးဝ မလုပ် စေချင်သဖြင့် တစ်နိုင်ငံလုံး ကူညီနိုင်သည့် အဖွဲ့များအားဖြင့် ဝိုင်းကန့်ကွက်စေချင်ပါသည်။
၃။ ကုမ္ပဏီမှ ရွာသားများသို့ တရားဝင် လာရောက်တွေ့ဆုံ၍ ယင်းတို့ လုပ်ကိုင်မည့် နည်းလမ်းများကို ချပြစေပြီး၊ ရွာကို မထိခိုက်ရန် ပြင်ဆင်ထားချက်များကို ကြားလိုကြပါသည်။