ရွှေလီမြစ်ရေအရောင်ပြောင်းလဲမှုနှင့် ပတ်သက်သောစမ်းသပ်တွေ့ရှိမူကြေညာချက်
၂၀၂၀ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစတင်ကာ မူဆယ်မြို့အနီး ရွှေလီမြစ်ရေ အရောင်ပြောင်းလဲမှုများ ဖြစ်ပွား လျက်ရှိသည်ဟုကြားသိရသဖြင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် မူဆယ်မြို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် လေ့လာမှုများပြုလုပ်ခဲ့ပါသည်။
ရေနမူနာများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် နေရာနှစ်နေရာခွဲ၍ကောက်ယူခဲ့ပြီး စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်၀န်းကျင်ရေးရာ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့သည်။ သို့သော်လမ်းခရီးတွင် ဂုတ်တွင်း မြို့ တောင်ကျရေလျှံမှုပြဿနာများကြောင့် လမ်းခရီးတွင် ၅ ရက်ခန့် ကြာမြင့်ခဲ့ပြီး မှ ရေနမူနာ များရောက်ရှိခဲ့ပြီးစမ်းသပ်စစ်ဆေးမူများကို စတင်ပြု လုပ်ခဲ့ပါသည်။
ရရှိလာသော ရေနမူနာ (၂) ခုကို Parameters (၂၃) မျိုးစမ်းသပ်စစ်ဆေးခဲ့သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များအတွက် ရေအရည်အသွေးသတ်မှတ်စံနှုန်းများ တရားဝင် ပြဋ္ဌာန်းထားခြင်း မရှိသေးသည်ဖြစ်ရာ၊ အမေရိကန်နိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီ(United States Environmental Protection Agency-USEPA) ၏ မြစ်ချောင်းအင်းအိုင်များအတွက် ရေအရည်အသွေး စံနှုန်း သတ်မှတ်ချက်များ ကို အသုံးပြု၍ နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ပါ သည်။ စမ်းသပ်လေ့လာမှုများအရသတ္တုအဆိပ်ပါ ဝင်မှုနှင့် အခြားဓါတ်များမှာ USEPA ၏သတ်မှတ် စံနှုန်းများ အတွင်း တည်ရှိနေသော်လည်း အရောင် မြင့်မားမူနှင့် နောက်ကျိကိန်းတို့တွင် သတ်မှတ်စံနှုန်းများထက် မြင့်မားနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် အမိုးနီးယားဓါတ်နှင့် လွတ်လပ်ကလိုရင်း (Free Chlorine) ဓါတ်ပါဝင် မှုတို့မှာလည်း မြင့်မားလျှက်ရှိနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ရေနမူနာတစ်မျိုးတွင်အမိုးနီးယားပါဝင်မှုမှာ ရေတစ်လီတာတွင်၁.၁၄ မီလီဂရမ်အထိပါဝင်သောကြောင့် သတ်မှတ် စံနှုန်း၀.၀၄မီလီဂရမ်ထက် များစွာကျော်လွန်နေပြီး ရေသတ္တဝါများအဆိပ်သင့်ခြင်း ကိုဖြစ်ပေါ်စေနိုင်ကြောင်းသုံးသပ်ရပါသည်။ လွတ်လပ်ကလိုရင်းပါဝင်မှုမှာ လည်း USEPA သတ်မှတ်စံနှုန်း ရေတစ်လီတာတွင် ၀.၀၀၅ မီလီဂရမ်နှင့် နိုင်ငံတကာ သုသေသနများအရ အမြင့်ဆုံးသတ်မှတ်ပမာဏ ၀.၀၁ မီလီဂရမ် တို့ထက် များစွာ ကျော်လွန်ပြီး ၀.၀၃ မီလီဂရမ်အထိ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် ငါးအပါအဝင် ရေနေသတ္တဝါများ အတွက် ထိခိုက်စေနိုင်ကြောင်းနှင့် အဆိုပါ ပမာဏအတိုင်း ၂ ရက်ခန့်ဆက်ရှိပါက ငါးများ အဆိပ်သင့်သေဆုံး နိုင်ကြောင်းသုံးသပ်ရပါသည်။
ထို့ကြောင့် မျက်မြင်လေ့လာတွေ့ရှိချက်များနှင့် စမ်းသပ်တွေ့ရှိမူရလဒ်များအရ၊ ရေ၏အရောင်၊ နောက်ကျိ ကိန်း ၊လွတ်လပ်ကလိုရင်းနှင့်အမိုးနီးယားဓါတ်စသည်တို့တွင်သတ်မှတ်စံနှုန်းများထက်မြင့်မားလျက်ရှိသည် ကိုတွေ့ရှိခဲ့ရပါသည်။ အဆိုပါအချက်များမှာ အနီးပတ်ဝန်းကျင်ရှိ စက္ကူစက်ရုံ၊ ချည်မျှင်နှင့် အထည်၊ အစားအသောက်စသည့် တို့မှထွက်ရှိသော ရေဆိုးများကြောင့် ဖြစ်နိုင်သည် ဟုခန့်မှန်းရပြီး၊ အဆိုပါရေဆိုးများကို စနစ်တကျသန့်စင်မှု မပြုဘဲတိုက်ရိုက်စွန့်ပစ်ခြင်း၏ နောက်ဆက်တွဲဖြစ်ပွားခြင်း ဖြစ်သည်ဟုယေဘုယျကောက်ချက်ချနိုင်ပါသည်။ သို့သော် အမြဲမပြတ်စီးဆင်းနေသည့်မြစ်ဖြစ်သည့်အပြင်၊ ရေဆိုးစွန့်ထတ်မှုပမာဏအနည်းအများ၊ ဆက်တိုက်စွန့်လွှတ်ခြင်းရှိမရှိ၊ စွန့်ပစ်သည့် အချိန်စသည့်တို့အပေါ် မူတည်ပြီး ရေအရည်အသွေး များစွာပြောင်းလဲ နိုင်သည် ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။
ထို့ကြောင့် ယင်းတိုင်းတာမှုရလဒ်များအရ ယခုကဲ့သို့မြစ်ရေအရောင်ပြောင်းလဲမှု ပြဿနာများကို နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမှုမရှိစေရန် ဒေသခံအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ အဆိုပါရေဆိုးများ ထွက်ရှိ နိုင်သည့် စက်ရုံအလုပ်ရုံများမှရေဆိုးထုတ်လွှတ်မှုများကို စောင့်ကြည့်လေ့လာခြင်း၊ ရေအရည်အသွေးတိုင်းတာမှုများပုံမှန်ပြုလုပ်ခြင်း၊ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအမံများ ရေးဆွဲအကောင်အ ထည်ဖော်စေခြင်း၊လိုအပ်ပါကသက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံများအား ရေဆိုးသန့်စင်ခြင်းလုပ်ငန်းများလုပ် ဆောင်ရေးတိုက်တွန်းအားပေးခြင်း စသည့်ကြိုတင်ကာကွယ်ရေးအစီအမံများ ကို လုပ်ဆောင်သင့်ပါသည်။




0 Comments